ဟူသီက ယီမင်ရှိ ကုလနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများကိုထိန်းသိမ်းထားဟုဆို

0
347

ဒူဘိုင်း၊ဇွန် ၈

ဟူသီလုံခြုံရေးတပ်ဖွဲ့များသည် ယီမင်နိုင်ငံမှကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝန်ထမ်း ၁၅ ဦးထက်မနည်းကို ထိန်းသိမ်းထားကြောင်း ယီမင်ရှိနိုင်ငံတကာအသိအမှတ်ပြု အစိုးရအရာရှိ ၃ ဦးက ဇွန် ၇ ရက်တွင်ပြောကြားခဲ့သည်။

ကြာသပတေးနေ့ကပြုလုပ်ခဲ့သည့် စီးနင်းတိုက်ခိုက်မှုများအတွင်း လက်နက်ကိုင် ဟူသီထောက်လှမ်းရေးအရာရှိများက ကုလသမဂ္ဂဝန်ထမ်းကိုးဦး၊အမေရိကရန်ပုံငွေဖြင့်ရပ်တည်သည့် ဒီမိုကရေစီလိုလားသော အမျိုးသားဒီမိုကရက်တစ်အင်စတီကျု (NDI) မှ ဝန်ထမ်းသုံးဦးနှင့် ဒေသခံလူ့အခွင့်အရေးအဖွဲ့ မှ ဝန်ထမ်းသုံးဦးကိုပါ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

မြို့တော်ဆနားနှင့် နိုင်ငံမြောက်ဘက်အနှံ့အပြားကို ထိန်းချုပ်ထားသည့် ဟူသီအဖွဲ့၏ ထောက်လှမ်းရေး အရာရှိများသည် အဆိုပါလူများ၏ နေအိမ်များနှင့်ရုံးများကိုဝင်ရောက်စီးနင်းကာ ဖုန်းနှင့်ကွန်ပျူတာများကို သိမ်းဆည်းခဲ့သည်ဟုလည်းသိရသည်။

ဖမ်းဆီးခံထားရသော ကုလသမဂ္ဂဝန်ထမ်းများသည် လူ့အခွင့်အရေးရုံးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်နေကြောင်း ယီမင်တောင်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားသည့် နိုင်ငံတကာအသိအမှတ်ပြုအစိုးရမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုချက်နှင့်မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုချက်ကို ကုလသမဂ္ဂရုံးနှင့် NDI တို့က ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိခဲ့သလို ဟူသီပြောရေးဆိုခွင့်ရှိသူကလည်း ချက်ချင်းမှတ်ချက်မပေးခဲ့ကြောင်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here