ပင်လယ်အခြေပြု ခြေသလုံးအိမ်တိုင် လူစုကို နှင်ထုတ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး မလေးရှားအာဏာပိုင်များ ကာကွယ်ပြောဆို

0
998

ယခုသီတင်းပတ်အတွင်းက ဆာဘားပြည်နယ် ကမ်းလွန်ရှိ ပင်လယ်အခြေပြု ခြေသလုံးအိမ်တိုင် လူစုကို သူတို့ရဲ့ နေအိမ်တွေကနေ မောင်းထုတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မလေးရှားအာဏာပိုင်တွေက ကာကွယ်ပြောဆိုမှုလုပ်ခဲ့ပါတယ်။

ဒါဟာ လုံခြုံရေးကို မြှင့်တင်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ၎င်းတို့က ဆိုခဲ့ကြပါတယ်။

ကမ်းရိုးတန်း ခြေတံရှည် တဲအိမ်တွေ၊ ခနော်ခနဲ့ လှေအိမ်တွေမှာ နေထိုင်ကြပြီး နိုင်ငံမဲ့အများစုဖြစ်တဲ့ Bajau Laut အရပ်မှ ပင်လယ်အခြေပြုနေထိုင်သူ ၅၀၀ ကျော်ရဲ့ နေအိမ်တွေကို လုံခြုံရေးအဖွဲ့တာဝန်ရှိသူတွေက ယခုသီတင်းပတ်အတွင်း ဖြိုဖျက်၊ မီးရှို့ခဲ့ကြတာတွေ့ရတယ်လို့ ဒေသဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုခဲ့ပါတယ်။

ဆာဘားပြည်နယ် ဆမ်ပိုနာခရိင်ရှိ ယင်း စီမံချက်နဲ့ ပတ်သက်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားအဖွဲ့တွေက ဝေဖန်ခဲ့ပြီး စီမံချက်ကို ရပ်ဆိုင်းဖို့၊ Bajau Laut ရှိ ယင်းလူမျိုးစုတွေ လုံခြုံဘေးကင်းရေးနဲ့ အကာအကွယ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ပြည်နယ် ထိန်းသိမ်းစောင့်ရှောက်ရေးဋ္ဌာနတစ်ခုဖြစ်တဲ့ Sabah Parks မှ ထိန်းချုပ်ထားသော ကာကွယ်နယ်မြေတွေမှာ ခွင့်ပြုချက်မဲ့ ငါးဖမ်းခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းနဲ့ လယ်ယာမြေစိုက်ပျိုးခြင်းတွေလို တရားမဝင်လုပ်ရပ်တွေကို ဟန့်တားဖို့ အာဏာပိုင်တွေကို အခွင့်အာဏာပေးထားတယ်လို့ ဆာဘားပြည်နယ် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး Christina Liew က ပြောဆိုပါတယ်။

ဒီပြဿနာမှာ နိုင်ငံ့ ဥပဒေတွေရဲ့ အချုပ်အခြာအာဏာကို လက်ကိုင်ပြုရမယ်လို့လည်း သောကြာနေ့က ထုတ်ပြန်ချက်မှာ သူမက ပြောဆိုခဲ့ပါတယ်။

ခွင့်ပြုချက်မဲ့ အခြေချနေထိုင်မှု ၂၇၃ ခုကို နေရာရွှေ့ပြောင်းကြဖို့ ပြီးခဲ့တဲ့လမှာ သတိပေးချက်တွေ ပေးပို့ခဲ့ပြီး ရေငုပ်လေ့လာမှုအတွက် ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်သော Tun Sakaran အဏ္ဏဝါဥယျာဉ်နယ်မြေအနီးရှိ အဆောက်အအုံ ၁၃၈ လုံးကို အင်္ဂါနေ့ကနေ ကြာသပတေးနေ့အတွင်း ဖြိုချဖျက်ဆီးခဲ့တယ်လို့ Liew က ပြောဆိုပါတယ်။

ယင်းမှာ အချို့ အိမ်ပိုင်ရှင်တွေဟာ သူတို့အိမ်တွေကို သူတို့ကိုယ်တိုင် မီးရှို့ခဲ့ကြပြီး ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေခဲ့ကြတယ်လို့လည်း ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး သူမက စွပ်စွဲပြောဆိုခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော် အမှုအခင်းတွေနဲ့ လုံခြုံရေးဆိုင်ရာ အချက်တွေကို ထည့်သွင်းစဉ်းစားကာ ယခု စီမံချက်ကို လုပ်ဆောင်ခဲ့တာလို့ Liew က ပြောဆိုခဲ့ပါတယ်။

ဆမ်ပိုနာခရိုင်ဟာ ဘော်နီယိုကျွန်းရဲ့ အရှေ့မြောက်ဖျားမှာ တည်ရှိပြီး ဖိလစ်ပိုင်တောင်ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတယ်လို့ သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here