သန်လျင်တံတားအမှတ် (၃) ကို ယနေ့ တွင် နစက ဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်

0
364

သံလျင်တံတားအမှတ် (၁) ယာဉ်ကြောပိတ်ဆို့မှုများသက်သာတော့မည်

ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင် အမှတ် (၃) တံတားသစ်ကို ယနေ့ဇွန်လ (၈) ရက်တွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ တံတားကြီး တည်ဆောက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်များအရ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်ရေး ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံတော်မှ ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက်ပြီးစီးရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌ က ပြောသည်။

အဆိုပါ တံတားအရှည်မှာ (၈၆၃၈) ပေဖြစ်ပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ပြီး တံတားအသုံးပြုခကို နိုင်ငံတကာစနစ်အတိုင်း QR Code အသုံးပြုပြီး Mobile Pay စနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းတံတား၏ ယာဉ်တစ်စီးချင်းခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်သည်။

(၄) လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် Safe Zone ၅ ပေစီပါရှိကာ တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်ပြီး သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC. Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။

ယခုတံတား တည်ဆောက်ပြီးစီးခဲ့သည့်အတွက် သံလျင်တံတားအမှတ် (၁)တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here