မေလအတွင်း လယ်ယာထွက်ကုန် ပဲမျိုးစုံ ပြည်ပတင်ပို့မှု လျာထားချက် ကျော်လွန်ခဲ့

0
317

မေလအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန် ပဲမျိုးစုံ တင်ပို့မှု လျာထားချက်ကျော်လွန်ပြီး ဧပြီနှင့် မေလတွင် ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၆၆ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများသည် နိုင်ငံတော်၏ ပြည်ပဝင်ငွေအများဆုံးရရှိသော အားထားရသည့် ပို့ကုန်အမယ်များဖြစ်ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉ သန်း ပြည်ပသို့ တင်ပို့ရန် လျာထားခဲ့ပြီး ယခုဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းတန်ချိန် ၄ ဒသမ ၃၈ သိန်း တင်ပို့ရန်လျာထားခဲ့ခြင်းဖြစ်သည်။

ပြည်ပတင်ပို့ရန် လျာထားချက်များအတိုင်း ပြည့်မီစွာတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ် ဧပြီနှင့် မေလများတွင် ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၆၆ သိန်းကျော် တင်ပို့ထားနိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်ခဲ့ပြီး ဇွန်လတွင်လည်း လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်ရေး ပဲမျိုးစုံတင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း (အရှေ့/အနောက်) မွန်ပြည်နယ်တို့တွင် မတ်ပဲထွက်ရှိပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင်လည်း အနည်းငယ်ထွက်ရှိပြီး ပဲစင်းငုံ (အနီ)ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးများတွင် စိုက်ပျိုးပြီး ပဲစင်းငုံ(အဖြူ) မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်များတွင် အနည်းငယ်ထွက်ရှိကာ ပဲတီစိမ်းစိုက်ပျိုးထွက်ရှိရာ ဒေသများမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ပြည်တွင်းမှ ထွက်ရှိသောပဲများကို ၂၀ ရာခိုင်နှုန်းသာ ပြည်တွင်း၌ စားသုံးပြီး ၈၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး မတ်ပဲနှင့် ပဲတီစိမ်းကို အိန္ဒိယနိုင်ငံ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်နှင့် အီးယူနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်းပဲလိုအပ်ချက်များရှိသောကြောင့် ပဲတင်သွင်းမှုကို ဖြေလျှော့ပေးခဲ့ရာ ပဲစင်းငုံ၊ မတ်ပဲနှင့်ပဲနီလေးများကို အကောက်ခွန်ကင်းလွတ်တင်သွင်းခွင့်ကို ယခင်က၂၀၂၄ ခုနှစ် မတ်လအထိ ခွင့်ပြုထားခဲ့ပြီး ယခုအခါ ၂၀၂၅ ခုနှစ် မတ်လအထိ သက်တမ်းတိုးမြှင့်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံမှ ပဲတင်ပို့သူ လုပ်ငန်းရှင်များ ဈေးကောင်း ရရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here