လားရှိုး-သီပေါကြား စဉ့်အင်တံတား ကွန်ကရစ် သံဘောင်အမျိုးအစား ထပ်မံ ဆောက်လုပ်နေ

0
419

ရှမ်းပြည်မြောက်ပိုင်း ၊ လားရှိုးမြို့နှင့် သီပေါမြို့အကြားရှိ စဉ့်အင်ချောင်းကူးတံတားသစ်အား ဆောက်လုပ်နေပြီး ရာခိုင်နှုန်း (၅၀)ရာခိုင်နှုန်းမျှပြီးစီးနေသည်ကို မြင်တွေ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မိုးရာသီကာလ စဉ့်အင်ချောင်း ရေစီးသန်မှုကြောင့် ယခင်ဆောက်လုပ်ထားသည့် ယာယီတံတားငယ်မှာ ရေနစ်မြှပ်မှုဖြစ်ပွားကာ ချောင်းရေပြန်ကျမှသာ ပြန်လည်ဖြတ်သန်းခွင့်ရရှိသည့် အခြေအနေများကြောင့် ဒေသတွင်းခရီးသွားများ လမ်းခရီး မတွင်ကျယ်မှုအပေါ် တံတားအသစ် ထပ်မံဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိဆောက်လုပ်နေသည့် ကွန်ကရစ် သံဘေလီဘောင်တံတားအား မည်သူဦးဆောင် ဆောက်လုပ်နေသည်ကို မသိရသော်လည်း ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။

“အရင် ယာယီတံတားလေးက ဖြတ်လို့ရနေသေးပေမယ့် မိုးကြီးလာရင်ချောင်းရေကြောင့် ရေကျော်တာမျိုးရှိတယ်။ အဲဒီအချိန်ကျရင်တော့ ကားတွေ ဖြတ်ဖို့မရနိုင်ဘူး။ ဒါကြောင့် အခုတံတားကို ‌ခိုင်ခိုင်မာမာပြန်ဆောက်တဲ့ သဘောပါ”ဟု ၎င်းက ပြောသည်။

လတ်တလော ဆောက်လုပ်နေသည့် တံတားမှာ တစ်လမ်း မောင်းစနစ်ဖြစ်ခြင်းကြောင့် အလှည့်ကျစနစ်ဖြင့်သာ ဖြတ်သန်းသွားနိုင်မည်ဖြစ်ကာ၊ သတ်မှတ်အလေးချိန်တင်ဆောင်သည့် ကုန်တင်ယာဉ်ငယ်များလည်း ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများ‌ကြောင့် အဆိုပါ စဉ့်အင်တံတားအပါအဝင် ဒေသတွင်း ချိတ်ဆက်ထားသော တံတား(၅)စင်း ပျက်ဆီး ရှုံးဆုံးခဲ့ရသည်။

ယင်းအနက် ယခုလ ဇွန် (၇)ရက် နံနက်ပိုင်းမှစတင်၍ မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ – ကျောက်မဲ ဆက်သွယ်ထားသည့် ကျင်သီတံတားအား ပျက်ဆီးသွားသည့် အပိုင်းအား ပြန်လည်ပြင်ဆင်၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီဖြစ်သည်။

တိုက်ပွဲများကြောင့် မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအကြား ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here