နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ ယာနဒါန အလှူတော်အဖြစ်ဖြင့် မော်တော်ယာဉ်များ ဆက်ကပ်လှူဒါန်း

0
425

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံနိုင်ငံတော်အဆင့် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း အခမ်းအနားကို ယနေ့ ဇွန်လ (၉) ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ ကျင်းပပြုလုပ်ရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ မော်တော်ယာဉ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်ခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံလှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ နစက ဥက္ကဋ္ဌ က လျှောက်ထားရာတွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင်နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့ကြီးသည် နိုင်ငံတော်၏ အဆင့်မြင့်ဆုံးသော သံဃာ့အဖွဲ့အစည်းအဖြစ် ရပ်တည်လျက် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး သန့်ရှင်း၊တည်တံ့၊ ပြန့်ပွားရေးတို့အတွက် အားသွန်ဆောင်ရွက်တော်မူလျက်ရှိသည်ကိုကြည်ညိုဝမ်းမြောက်ရကြောင်း၊ နိုင်ငံတော်အစိုးရနှင့် စေတနာရှင်ပြည်သူများက ပစ္စည်းလေးပါးတို့ဖြင့် အားပေးထောက်ပံ့လှူဒါန်းလျက်ရှိနေကြခြင်းမှာ ဆရာဒကာလက်တွဲညီစွာ အားကျိုးမာန်တက်ဆောင်ရွက်ခြင်း၏ ကောင်းကျိုးများဖြစ်ကြောင်းကို ဝမ်းမြောက်ဂုဏ်ယူစွာ လျှောက်ထားအပ်ကြောင်း လျှောက်ထားခဲ့သည်။

ထို့ပြင် နစကအနေဖြင့် နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၏ ဩဝါဒတော်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထူးခြားမွန်မြတ်သော ဓမ္မပူဇာကုသိုလ်တော်အဖြစ် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ကျမ်းစာအုပ်များကို ပြည်တွင်း/ ပြည်ပရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းလျက်ရှိကြောင်းလည်း လျှောက်ထား တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူ ဆောင်ရွက်နေသည့် ကာလတွင် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့တာဝန်များကို စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြစေရန် ရည်သန်လျက် နစကအနေဖြင့် မဟာနာယက ဆရာတော်ကြီးများထံ မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံ လှူဒါန်းသွားမည်ဖြစ်ကြောင်း လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးက သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီးနောက် နစကတာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်ကြီးများအား မော်တော်ယာဉ်နှင့် အလှူအခြံအရံများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here