စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ၅၃၆၅ကျပ်၊ ပြင်ပဈေး တစ်ပိဿာ ၁၁၀၀၀ ကျပ်

0
460

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၅၃၆၅ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ ၁၁၀၀၀ ကျပ်အထိမြင့်တက်လာကြောင်း ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များနှင့် ရပ်ကွက်ဈေးများမှ စုံစမ်းသိရှိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀ ၂၄ ခုနှစ် ဇွန် (၁၀) ရက်မှ ဇွန် (၁၆) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၅၃၆၅) ကျပ်ဖြစ်ပြီး ယခင်တစ်ပါတ်ထက် (၂၀) ကျပ်မြင့်တက်လာသည်။

အလားတူ ပြင်ပဈေးကွက်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သည့် ရွှေဈေး ၊ ဒေါ်လာဈေးအလှုပ်အခတ်များကြောင့် စားအုန်းဆီဈေးနှုန်းနှင့် ဆန်ဈေးနှုန်းအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဆေးဝါးဈေးနှုန်းများပါလိုက်ပါ မြင့်တက်ခဲ့ရာ လက်ရှိတွင် စားအုန်းဆီ တစ်ပိဿာလျင် (၁၁၀၀၀) ကျပ်အထိ မြင့်တက်နေကြောင်း ရွှေပြည်သာမြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

” လမကုန်ခင်ကအထိ တစ်ပိဿာကို ၇၀၀၀ ကျော် ၈၀၀၀ ဝန်းကျင်လောက်ရှိတာကနေ အခု မနေ့က ၁၁၀၀၀ ကျပ်ဖြစ်နေပြီ။ အသင်းက ရောင်းပေးတဲ့ဈေးက တစ်ပိဿာ ၅၈၀၀ ပေါ့နော်။ အဲဒါကလည်း နှစ်လ လောက်နေမှ တစ်ခါလောက်လာပေးတယ် ကတ်ကို။ တစ်ခါဝယ်ရင် တစ်ပိဿာရတယ်။ ကုန်ဈေးနှုန်းတွေကတော့ အကုန်တက်နေတာပါပဲ။ ဝက်သား တစ်ဆယ်သား ၂၀၀၀ ဖြစ်နေပြီ” ဟု ရွှေပြည်သာမြို့နယ် အမှတ်(၅) ရပ်ကွက်တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်း(၆၀၀) ကျော်ဖိုးခန့် တင်သွင်းနေရပြီး နိုင်ငံခြား ငွေသုံးစွဲမှုများပြားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နှစ်စဥ်စားသုံးဆီသုံးစွဲမှု တန်ချိန်(၁၂)သိန်းခန့်ရှိပြီး နှစ်စဥ်ပြည်ပမှ တန်ချိန် ကိုးသိန်းခန့်တင်သွင်းနေရ၍ စားသုံးဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများ ဆုံးတင်သွင်းလျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာလ ပြည်ပသို့ကုန်သွယ်မူခက်ခဲခဲ့စဥ်က ဆီထွက်သီးနှံများမတင်ပို့ဘဲ ဆီကြိတ်သဖြင့် ပြည်တွင်းစားသုံးဆီစျေးကွက်အတွက်အဆင်ပြေခဲ့ရာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို တွန်းအားပေးနေခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here