သောင်ရင်းမြစ်ရေ ဆက်တိုးပြီး မြဝတီမြို့ပေါ် မှာ ရေဆက်လက်ကြီးနေ

0
127

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တွင် မိုးဆက်တိုက်ရွာသွန်းကာ သောင်ရင်းမြစ်ရေ ဆက်တိုးနေသောကြောင့် မြို့တွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းရေဘေး ကူညီကယ်ဆယ်ပေးနေသည့် မြဝတီလူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောသည်။

(၃)ရက်ဆက်တိုက် မိုးရွာသွန်းပြီးနောက် မြစ်ရေတိုးမှုနှင့်အတူ မြို့တွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံကာ သွားလာရေးပါ ခက်ခဲနေခြင်းဖြစ်သည်။

“ရေလယ်ကျွန်းအခြေအနေကြည့်ရတာတော့ သောင်ရင်းမြစ်ရေ ပြန်ကျဖို့ မလွယ်သေးဘူး။ နှစ်တိုင်းကြုံနေကျပါ။နောက် (၃)ရက်လောက် အနည်းဆုံးကြာမှာပါ” ဟု မြဝတီလူမှုကူညီကယ်ဆယ်ရေးအသင်းက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ယခုလက်ရှိတွင် မြို့ပေါ်ရပ်ကွက်အချို့နှင့် လမ်းမကြီးများအပြင် အာရှလမ်းမကြီးနှင့် မြစန္ဒီကားဝင်းအထိ ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြဝတီမြို့တွင် မိုးရေချိန် ၈.၇၉ လက်မ ၂၂၃ မီလီမီတာ ဖြင့် (၁၈)နှစ်အတွင်း စံချိန်သစ်တင်ခဲ့ကာ သောင်ရင်းမြစ်ရေသည်လည်း (၆)နာရီအတွင်း မြဝတီမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလက အသိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်ပိုင်းထုတ်ပြန်ချက်အရ ကရင်၊ မွန်၊ ကချင်၊ ရခိုင်နှင့် တနင်္သာရီတို့မှာ နေရာကွက်ပြီး မိုးကြီးနေဦးမည်ဖြစ်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here