မြဝတီ – ဝေါလေ ဆက်သွယ်ထားသော မယ်ထော်သလေးတံတား ရေစီးကြောင့် ကျိုးကျပျက်ဆီး

0
118

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ဝေါလေမြို့သို့ ဆက်သွယ်ထားသော မယ်ထောသလေးတံတား(ဒေသအခေါ် ဗိုလ်ရန်နိုင်)တံတားမှာ ယမန်နေ့ ဇွန် (၉)ရက် နံနက်ပိုင်းက မယ်ထော်သလေးချောင်းရေစီးအရှိန်ကြောင့် ကျိုးကျပျက်ဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ တံတားကျိုးကျမှုကြောင့် မြဝတီမှ ဝေါလေမြို့သို့ သွားလာသည့် ဒေသတွင်း ခရီးသွားယာဉ်အချို့ တစ်ရက်ကြာသွားလာ၍ မရဘဲ ရပ်နားထားရကာ ယနေ့တွင် တံတားအား ပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်သည်ဟု ဆိုသည်။

“ မနေ့က မနက်ပိုင်းမှာ ရေစီးကြောင့် ကျိုးကျသွားတာ။ လယ်ကွင်းတွေထဲက လာတဲ့ ရေက မယ်ထော်သလေးချောင်းကနေတဆင့် သောင်ရင်းမြစ်ထဲကို တိုးဝင်တာ။ အဲဒီမှာတံတားက ရေစီးအားကြောင့် ဘေးက မြေသားတွေပြိုကျပြီး တံတားကျိူးသွားတာ။ ကွန်ကရစ်တံတားအမျိုးအစားပါ။ မနေ့ကတော့ ဆိုင်ကယ်လောက်ဘဲ သွားလို့ရတာပေါ့။ အခုတော့ ကားတွေပါ ဖြတ်လို့ရပါပြီ” ဟု ၎င်းက ရှင်းပြသည်။

ယင်းလမ်းပိုင်းသည် မြဝတီမြို့မှတဆင့် မဲထော်သလေး – မင်းလက်ပံ – ဖလူးကြီး – ဖလူးလေး – တို့အထိ ခရီးပေါက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် DKBA ထိန်းချုပ်နေရာတစ်ခုဖြစ်သည့် ဆုံဆည်းမြိုင် ကျေးရွာအထိ သွားလာ၍ ရရှိကြောင်း သိရသည်။

ဓာတ်ပုံ – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here