သောင်ရင်းမြစ်ရေ တိုးမှုကြောင့် ပလောတပို့ ယာယီစစ်ရှောင်စခန်းထဲရေဝင်ရောက်

0
115

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့တွင် မိုးဆက်တိုက်ရွာသွန်းကာ သောင်ရင်းမြစ်ရေ ဆက်တိုးနေသည့်အတွက် မြစ်ကမ်းဘေးရှိ ပလောတပို့ ယာယီစစ်ဘေးရှောင်စခန်းအတွင်းရေများ ဝင်ရောက်နစ်မြုပ်နေကြောင်း အဆိုပါ စစ်ဘေးရှောင်စခန်းမှ တဆင့် သိရသည်။

(၃)ရက်ဆက်တိုက်မိုးရွာသွန်းပြီးသည့်နောက် မြစ်ရေတိုးမှုနှင့်အတူ မြို့တွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးနေကာ သောင်ရင်း မြစ်ကမ်းအနီး ဖွင့်လှစ်ထားသည့် အဆိုပါ စစ်ရှောင်စခန်းအတွင်းသို့လည်း ရေများ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းနားရှိ ယာယီစစ်ရှောင်နေအိမ် (၁၀) လုံးခန့် ပျက်စီးသွားကာ အများသုံး ဘုံစားဖိုဆောင်တစ်ခုပါ ပျက်စီးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

ယခုလက်ရှိတွင် အမြင့်ပိုင်းနေရာဘက်ကို ယာယီပြောင်းရွှေ့၍ စုဖွဲ့ စားသောက် နေထိုင်နေကြရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“မိုးရွာတာက နှစ်ရက်သုံးရက်လောက်ရှိပြီ။ မိုးကြီးတယ်။ ရေကြီးသွားတဲ့ အိမ်တွေကလည်း စစ်ဘေးရှောင်စခန်းတွေမှာလာနေကြတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်က မြဝတီမြို့နှင့် မြို့အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ စစ်ရှောင်ဦးရေ (၃,၀၀၀) ကျော် အဆိုပါ စခန်းတွင် လာရောက်ခိုလုံနေကြရပြီး အဆောက်အဦးနှင့် နေရာထိုင်ခင်း မလုံလောက်သည့် အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here