၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းကျဆင်း

0
207

ယနေ့ ဇွန်လ (၁၁) ရက် နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာထားသည်။

အောင်စာရင်းများကို နံနက် (၆) နာရီတွင် နိုင်ငံအနှံ့ရှိ စာစစ်ဌာနများတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အောင်ချက်ရာခိုင်နှုန်းမှာ ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ကျဆင်းနိုင်ကြောင်း အခြေခံပညာ ဆရာ/ဆရာမများ၏ ပြောပြချက်အရ သိရသည်။

” ဒီနှစ်ကတော့ အောင်ချက်နည်းတယ်။ စနစ်သစ်ရဲ့ပထမဆုံးစာမေးပွဲဆိုတော့။ ရန်ကုန်ကတော့ ပိုနည်းတယ်” ဟု ဗိုလ်တထောင်(၆) ကျောင်းမှ ဆရာမတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ယနေ့ ကြေညာထားခြင်း ဖြစ်သည်။

၂၀၂၃ -၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်နိုင်ငံခြားစာစစ်ဌာန (၁၁) ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန (၈၃၀)ခု၊ စာစစ်ဌာန စုစုပေါင်း (၈၄၁) ခု ဖွင့်လှစ်၍ ဖြေဆိုစေခဲ့ခြင်း ဖြစ်သည်။

စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိခဲ့ပြီး လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့သည့်အတွက် ဖြေဆိုသူဦးရေ၏ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဖြေဆိုခဲ့သည့် စနစ်ဟောင်းအတွက် နောက်ဆုံး တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွင် အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း အောင်ချက်မှာမူ ၅၈ ရာခိုင်နှုန်းသာရှိခဲ့၍ အောင်ချက်မှာမူအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။

” အစတုန်းကတော့ A,B,C အဆင့်သတ်မှတ်ပြီး အောင်စာရင်းကို ကြေညာပေးမယ်လို့ပြောတာ။ ကျောင်းသားတွေကမျှော်လင့်ထားကြတာ အဲဒီအပေါ်မှာ။ တစ်ကယ်တမ်းအောင်စာရင်းထွက်ရော အရင်တုန်းကပုံစံမျိုးပဲ”ဟု အောင်စာရင်းလာကြည့်သူ ကျောင်းသူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here