ပြည်တွင်းဈေးကွက်လိုအပ်ချက်နှင့်ပြည်တွင်းရှိ ချည်မျှင်နှင့် အထည်စက်ရုံများ၏အခန်းကဏ္ဍတို့ကို နစက ဥက္ကဋ္ဌ ပြောကြား

0
148

မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်မျှင်နှင့် အထည်အလိပ်များကို တင်သွင်းရလျက်ရှိပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းရှိ ချည်မျှင်နှင့်အထည်စက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။

ယမန်နေ့ ဇွန်လ (၁၀) ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝါစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြေအရည်အသွေးစစ်ဆေးခြင်း သုတေသနလုပ်ငန်းများကို ဦးစွာဆောင်ရွက်ပြီး မြေဆီလွှာအမျိုးအစားအလိုက် စနစ်တကျပြုပြင်ဆောင်ရွက်သွားရန်၊ လိုအပ်သည့်သွင်းအားစုများ အပြည့်အဝထည့်သွင်းရန်နှင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

စိုက်ပျိုးသည့် မြေအမျိုးအစားအလိုက် ထွက်ရှိသင့်သည့် အထွက်နှုန်းများကို လေ့လာဆန်းစစ်ရန်၊
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စံနမူနာပြဖြစ်အောင်ဆောင်ရွက်ကြရန်၊
A Grade အမျိုးအစားဝါများ ထွက်ရှိအောင် ကြိုးစားဆောင်ရွက်ကြရန်၊ ဝါအမျိုးအစား အများအပြားစိုက်ပျိုးခြင်းထက် တစ်မျိုးတည်းကိုသာ စိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သည့် ဝါများထွက်ရှိလာအောင် ဆောင်ရွက်ရန်တို့ပါဝင်သည်။

နေ့စဉ်ဝတ်စားဆင်ယင်မှုတွင် အသုံးများသည့် အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးရန်၊ လူကြိုက်များသည့် ပုံစံအမျိုးအစားအလိုက် ထုတ်လုပ်ရောင်းချသွားရန်၊ ပုဂ္ဂလိကသုံးပစ္စည်းများကို အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ ဈေးကွက်ရရှိရေး စဉ်းစားဆောင်ရွက်ကြရန်လည်းမှာကြားသွားကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ချည်မျှင်နှင့် အထည်များအား အဆင့်ဆင့်ထုတ်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)မှ ချည်မျှင်ညို၊ တက်ထရက် ပိတ်ညို၊ စွပ်ကျယ်ပိတ်ညို၊ ပဝါပိတ်ညို၊ သင်္ကန်းများ၊ တက်ထရက် ပိတ်ရောင်စုံ၊ စွပ်ကျယ်ပိတ်ရောင်စုံ၊ ပဝါရောင်စုံ၊ တီရှပ်မျိုးစုံ၊ စပို့ရှပ်မျိုးစုံ၊ နိုင်လွန်တာဖက်တာများ၊ ဆေးဂွမ်းလိပ်များ၊ အိပ်ယာခင်းရောင်စုံတို့အပြင် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ တပ်မတော်၏ လိုအပ်ချက်နှင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်အား ဈေးနှုန်းသက်သာစွာဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here