ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းတွင် ဘူတာသစ်(၂)ခု တည်ဆောက်ရန် တင်ဒါခေါ်ယူထား

0
223

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် ပါဝင်သည့် ဘူတာသစ်(၂)ခုကို တည်ဆောက်ရန် တင်ဒါခေါ်ယူထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ ဘူတာသစ်(၂)ခုမှာ ဟံသာဝတီ ဘူတာအသစ်နှင့် တံတားကလေးဘူတာတို့ဖြစ်ပြီး တင်ဒါပုံစံကို ဇွန်လ (၁၀) ရက်မှ ဇူလိူင်လ (၁၀) ရက်အထိ ရုံးချိန်းအတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

မြန်မာ့မီးရထားသည် အဆိုပါလုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တင်ဒါပုံစံများကို ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် (၅၁) လမ်းထိပ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းများဖြစ်သည့် အောင်ဆန်း၊ ကမာရွတ်၊ အုတ်ကျင်း၊ ဖော့ကန်၊ သမိုင်းနှင့် တာမွေ ဘူတာအသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် တင်ဒါခေါ်ယူခဲ့ပြီးလည်း ဖြစ်သည်။

လက်ရှိတွင် မြန်မာ့မီးရထားအနေဖြင့် အမြန်လူစီးရထား ခရီးစဉ် (၁၈) ခု၊ စာပို့ရထားခရီးစဉ် (၁၂) ခု၊ လူစီးကုန်တင်ရထားရီးစဉ် (၈)ခုအပြင် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)၊ စုစုပေါင်း ရထားခရီးစဉ် (၆၈) ခုဖြင့် ရထားခရီးစဉ်များပြေးဆွဲနေကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား ရန်ကုန်မြို့၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြား၍ အဆင့်မြှင့်တင်မှုပြုလုပ်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ပြီးစီးပါက မြို့ပတ်ရထားတစ်စင်းနှင့် တစ်စင်း (၁၀) မိနစ်မှ (၁၂) မိနစ်ခြားစီ ပြေးဆွဲမည်ဖြစ်ကာ မြို့တစ်ပတ်ကြာချိန်အား လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများ ပြီးသွားပါက နေ့စဉ် ရထားစီးခရီးသည် နှစ်သိန်းလေးသောင်းခန့်အား သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here