UAE သံအမတ် နှင့် သီရိလင်္ကာနိုင်ငံ သံအမတ်တို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာပေးအပ်

0
114

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) သံအမတ်ကြီးတို့ လာရောက်တွေ့ဆုံကာ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ (၁၁) ရက် နစကဥက္ကဋ္ဌ အား နေ ပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံကာ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက် (၁၀) နာရီတွင် UAE နိုင်ငံသံအမတ် H.E. Mr. Mutaz Abdullah Abdulijaleel Mohamed Al Faheem နစက ဥက္ကဋ္ဌထံ လာရောက်တွေ့ဆုံကာ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊လေကြောင်း တိုက်ရိုက်ပျံသန်းမှုများ တိုးချဲ့ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့်အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိနေရပ်စွန့်ခွာသူများကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နံနက် (၁၀) နာရီ(၄၅) မိနစ်တွင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးမှ နစက ဥက္ကဋ္ဌအား လာရောက်တွေ့ဆုံကာ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ရဟန်းသံဃာများနှင့် သာသနာနွယ်ဝင် သီလရှင်များ သီရိလင်္ကာ နိုင်ငံတွင်ပညာသင်ကြားလျက်ရှိမှုနှင့် သီရိလင်္ကာနိုင်ငံရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား မြန်မာနိုင်ငံမှသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားအပြန်အလှန် ကုန်သွယ်မှုများ မြှင့်တင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါး ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here