အောင်မင်္ဂလာ အဝေးပြေးတွင် ကျပ်သိန်း ၂၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

0
466

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်း ပါဆယ်ပစ္စည်း လာရောက် ထုတ်ယူသူများထံမှ ငွေကျပ်သိန်း ၂၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။

ဇွန်လ (၈) ရက်၊ မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မော်လမြိုင်လမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ အမျိုးသမီး သုံးဦးကို စစ်ဆေးရှာဖွေရာမှ ထုတ်ယူထားသည့် လက်ဆွဲခြင်းအတွင်းမှ ကာလပေါက်ဈေး ကျပ်သိန်း (၂၀၀)တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ် ဆေးပြားအပြား နှစ်သောင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူ အမျိုးသားနှစ်ဦးကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ (၈) ရက် နေ့လယ်၌ပင် အဆိုပါ မော်လမြိုင်လမ်းရှိ ကားဂိတ်၌ ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ အမျိုးသားတစ်ဦးကို စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူထားသည့် ခြင်းတောင်းများအတွင်းမှ ကာလပေါက်ဈေး ကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိသည့် စိတ်ကြွရူး သွပ်ဆေးပြား အပြားနှစ်သိန်း တစ်သောင်းကို တွေ့ရှိသိမ်းဆည်းရမိကာ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရာတွင် ပါဝင်သူ အမျိုး သမီးတစ်ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကာ ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here