ဖိလစ်ပိုင် လက်ဝှေ့ကျော်ပက်ကွီအိုအား ရိုးရာလက်ခမောင်းခတ်ခိုင်းခဲ့သည့်အပေါ် ခွန်ခမာလက်ဝှေ့အဖွဲ့ချုပ်က ဒေဝအား ပြစ်တင်ရှုတ်ချ၊ ခွန်ခမာကွင်းများသို့ လာရောက် ယှဉ်ပြိုင်ထိုးသ-တ်ခွင့် ပိတ်ပင်

0
250

ကမ္ဘာကျော် ဖိလစ်ပိုင်နိုင်ငံသား ကမ္ဘာ့ လက်ဝှေ့အကျော်အမော် မန်းနီပက်ကွီအိုအား ဒေဝက ရိုးရာလက်ခမောင်းခတ် နည်းသင်ပေးခဲ့သည့်အပေါ် ခွန်ခမာလက်ဝှေ့အဖွဲ့ချုပ်ကပြစ်တင်ရှုတ်ချခဲ့ပြီး ဒေဝအား ကမ္ဘောဒီးယားနိုင်ငံ ခွန်ခမာကွင်းများတွင် လာရောက်ယှဉ်ပြိုင်ထိုးသ-တ်ခွင့် ပိတ်ပင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ခွန်ခမာလက်ဝှေ့အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဒေဝဘက်က ကမ္ဘောဒီးယားနိုင်ငံ၊ Chipmong Mall ၌ ဇွန်လ(၁၀)ရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံအတွင်း ဒေဝဘက်မှ မှန်ကန်ကြောင်းထောက်ခံသူ ပရိသတ်များရှိသလို အဆိုပါ လုပ်ရပ်အား ဝေဖန်ရှုတ်ချသည့် ပရိသတ်များလည်း ရှိနေကြောင်း သိရသည်။

“ဒါကတော့ မြန်မာပြည် လက်ဝှေ့ကိုယ်ခံပညာကို အချင်းချင်းမျှဝေခြင်းဘဲ ဖြစ်ပါတယ်။ မြန်မာ့လက်ဝှေ့ လိုဂိုကိုအခြား သူတွေကို မျှဝေခွင့် မပြုခြင်းဟာ ခွဲခြားဆက်ခံမှုနဲ့ လူမျိုးရေးခွဲခြားမှုဖြစ်တယ်” ဟု ဒေဝက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားထားသည်။

ယခုလ ဇွန်(၁ )ရက်က ကမ္ဘာကျော် ချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား မန်းနီပက်ကွီအိုနှင့် ဒေဝတို့အား ခွန်ခမာ လက်ဝှေ့အဖွဲ့ချုပ်က အမေရိကန်ဒေါ်လာ တစ်သန်းအကုန်အကျခံ ဖိတ် ခေါ်ခဲ့ပြီး ယင်းဖိတ်ခေါ်ပွဲတွင် ဒေဝက ပက်ကွီအိုအား ရိုးရာလက်ဝှေ့သင်္ကေတတစ်ခုဖြစ်သည့် လက်ခမောင်း ခတ်ခြင်းကို ပြသပြုလုပ်ခိုင်းသည့်အတွက် ပြစ်တင်တားမြစ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ နှစ်ဦးအား ခွန်ခမာလက်ဝှေ့ အဖွဲ့ချုပ်က ဖိတ်ခေါ်မှုသည် ခွန်ခမာလက်ဝှေ့ပညာရပ်အား နိုင်ငံတကာ ပရိသတ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် လက်ရှိအောင်မြင်နေသည့် မွေထိုင်းပွဲစဉ်များနှင့် ရင်ဘောင်တန်း လာစေရန် နာမည် ကြီးသူများနှင့် ပွဲထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့သို့အခြေအနေတွင် ဒေဝက ပက်ကွီအိုအား ခွန်ခမာလက်ဝှေ့နှင့် ပတ်သက်သည့် သင်္ကေတာအား မပြသဘဲ မြန်မာ့ရိုးရာလက်ဝှေ့သင်္ကေတဖြစ်သည့် လက်ခမောင်ခတ်ခြင်းအား ပြသလိုက်သည့်အတွက် ယခုကဲ့သို့ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် (၁၁) မွန်းလွဲပိုင်းအချိန်တွင် ခွန်ခမာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌနှင့် ဒေဝတို့ တွေ့ဆုံ ဆွေးနွေးလျှက်ရှိပြီး ရလဒ်အပေါ် အသိပေးသွားမည်ဟု ဒေဝဘက်က ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here