ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးပြိုင်ဘက် ကင်းမဲ့နေဟု နိုဗယ်ဆုရှင် ပြော

0
166

အာဏာရပါတီက နိုင်ငံရေးပြိုင်ဘက်တွေကို ဖြိုခွင်းတာကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ တစ်ပါတီနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ အသေးစားချေးငွေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ နိုဗယ်ဆုရှင် မူဟမ်မက် ယူနပ်စ်က အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ဇန်နဝါရီလက ရွေးကောက်ပွဲမှာ စတုတ္ထသက်တမ်းအတွက် အနိုင်ရခဲ့တယ်ဆိုပေမယ့် ရွေးကောက်ပွဲ မတိုင်မီ ခေါင်းဆောင်တွေ အကျဉ်းချခံရ၊ ပြည်ပတိမ်းရှောင်ရမှုတွေဖြစ်ခဲ့တဲ့ အဓိကအတိုက်အခံပါတီက သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

ဆင်းရဲတဲ့ ကျေးလက်ဒေသတွေမှာ ဒေါ်လာ ၁၀၀ အောက် အသေးစားချေးငွေတွေ ထုတ်ချေးခဲ့ခြင်းဖြင့် လူသန်းချီကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကူညီခဲ့သူဖြစ်တဲ့ ယူနပ်စ်ဟာ ၂၀၀၇ ခုနှစ်မှာ နိုင်ငံရေးပါတီ ထူထောင်ဖို့ စီစဉ်ခဲ့တာကြောင့် ဟာစီနာကို ဒေါသထွက်စေခဲ့ပါတယ်။

ဟာစီနာရဲ့ အာဏာရ အဝါမီလိဂ်ပါတီဟာ အကျင့်ပျက်ခြစားမှု အများအပြားမှာ ပါဝင်ပတ်သက်နေတယ်လို့ ၂၀၀၆ နိုဗယ်ဆုရှင်က စွပ်စွဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ စစ်မှန်တဲ့ အတိုက်အခံကင်းမဲ့နေတယ်လို့ ဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဘာနိုင်ငံရေးမှ မကျန်တော့ဘူး လို့ အသက် ၈၃ နှစ်အရွယ် ယူနပ်စ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ မြို့တော် ဒါကာရှိ သူ့ရဲ့ ရုံးခန်းမှာ ပြောဆိုခဲ့ပါတယ်။ အရာရာကို သိမ်းပိုက်ပြီး၊ ထင်တိုင်းလုပ်နေကာ သူတို့နည်းလမ်းအတိုင်း ဖော်ဆောင်တဲ့ ရွေးကောက်ပွဲတွေကို ဝင်ပြိုင်နေသော ပါတီတစ်ခုတည်းသာ ရှိတော့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

သင့်လျော်တဲ့ ကိုယ်စားလှယ်လောင်းတွေ၊ စံပြုကိုယ်စားလှယ်လောင်းတွေ၊ တစ်သီးပုဂ္ဂလတွေဆိုပြီး သူတို့လူတွေကို ပုံစံအမျိုးမျိုးနဲ့ ရွေးကောက်တင်မြောက်ခံကြပေမယ့်လည်း အားလုံးက တစ်ပါတီတည်းကဖြစ်တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

သို့ပေမယ့် တရားဝန်ကြီး အန်နီစူလ် ဟက်ကတော့ ယူနပ်စ်ရဲ့ မှတ်ချက်တွေအပေါ် လုံး၀ လက်မခံပါဘူးလို့ ပြောပါတယ်။

“ဒီအပေါ် နိုင်ငံက ပြည်သူတွေကလည်း သဘောတူကြမှာ မဟုတ်ပါဘူး” လို့ ဟက်က ရိုက်တာကို ဖုန်းဆက်သွယ်ဖြေကြားခဲ့ပြီး သူ့ရဲ့ မှတ်ချက်တွေဟာ နိုင်ငံတွင်းရှိ ပြည်သူတွေကို စေ-ာ်ကာ-းမှုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဆက်ပြီး “ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အ၀ အလုပ်လုပ်နေတယ်” လို့လည်း သူက ပြောဆိုသွားခဲ့ပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဟာစီနာဟာ တောင်အာရှနိုင်ငံကို တည်ထောင်ခဲ့သူ ရှိတ် မူဂျီဘာ ရာမန်ရဲ့ သမီးဖြစ်ပြီး ၎င်းဟာ ၁၉၇၅ ခုနှစ်က စစ်အာဏာသိမ်းမှုမှာ သူ့ရဲ့ မိသားစုဝင် အများစုနဲ့အတူ ‌ေ-သဆုံးခဲ့ပါတယ်။ ဟာစီနာဟာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံးအကြိမ် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here