နှစ်နိုင်ငံ တန်ခိုးကြီးဘုရားများအား ပြည်သူများ အပြန်အလှန် ဖူးမြော်နိုင်ရေးအတွက် ပြည်ဝင်ဗီဇာကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရေး ဆွေးနွေး

0
176

မြန်မာ – သီရိလင်္ကာ နှစ်နိုင်ငံရှိ တန်ခိုးကြီးဘုရားများအား နှစ်နိုင်ငံပြည်သူများ ဖူးမြော်နိုင်ရေးအတွက် ပြည်ဝင်ဗီဇာကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၁) ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mrs. Ponnamperuma Arachahige Prabashini Ponnam peruma အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ – သီရိလင်္ကာ နှစ်နိုင်ငံ၏ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ တူညီသည်နှင့်အမျှ နှစ်နိုင်ငံ ပြည်သူအချင်းချင်း အပြန်အလှန် ကူးသန်းသွားလာနိုင်ရေး၊ နှစ်နိုင်ငံရှိ တန်ခိုးကြီးဘုရားများအား နှစ်နိုင်ငံပြည်သူများ ဖူးမြော်နိုင်ရေးအတွက် ပြည်ဝင်ဗီဇာ ကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရေး၊ နှစ်နိုင်ငံပြည်သူများ တရားမဝင် ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here