ပြင်ပစျေးကွက်မှာ စားအုန်းဆီ လိုသလောက်မရကာစျေးမြင့်နေ

0
316

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်း၌ အဓိကစားသုံးနေသည့် စားအုန်းဆီစျေးကွက်တွင် လိုအပ်သောပမာဏဝယ်ယူရန် ခက်ခဲနေပြီး ပြင်ပစျေးကွက်တွင်လည်း စျေးမြင့်တက်နေကြောင်း ပေါ်ပြူလာနယူးမှ စုံစမ်းသိရှိရသည်။

“အစိုးရက ပေးတဲ့စျေးနဲ့ရောင်းတဲ့ ဆီဆိုင်နဲ့ တစ်ပိဿာကို ၂၀၀၀ ကွာတယ်၊ သူတို့ ဈေးနဲ့ ရောင်းပေးတာက ငါးဆယ်သားပဲရတယ်။ အပြင်က ပေါက်ဈေးအတိုင်းဝယ်မယ်ဆိုလည်း စျေးကမြင့်နေတယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ထမင်းဆိုင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။

စီး/ကူး၏ ထုတ်ပြန်ချက်အရ ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားဈေး နှုန်းသည် တစ်ပိဿာ ၅,၃၆၅ ကျပ်ဖြစ်ကြောင်း ဇွန်လ (၁၀) ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် လက်ရှိအချိန်တွင် ရန်ကုန်အပါအဝင် ပြည်နယ်နှင့်အချို့တွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ပြင်ပစျေးကွက်၌ တစ်ပိဿာကို တစ်သောင်းနှစ်ထောင်ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် စားအုန်းဆီရောင်းချပေးနေသောဆိုင်များအနေဖြင့်လည်း လိုအပ်သလောက်ရောင်းချမပေးနိုင်သည့် အခြေအနေဖြစ်နေကြောင်းလည်း ရောင်းချပေးနေသည့် လှည်းကူးမြို့နယ်မှ ဆိုင်ရှင်တစ်ဦးကလည်း ပေါ်ပြူလာနယူးသို့ပြောသည်။

“အကိုတို့လည်း ခွဲတမ်းစောင့်နေရတာ၊ လက်ကျန်မရှိရင်လည်း အခြေအနေက မကောင်းဘူး” ဟု ၎င်းကရှင်းပြထားသည်။

ယခုနှစ် နှစ်စပိုင်းတွင် စားအုန်းဆီစျေးသည် တစ်ပိဿာကို ၈,၀၀၀ ကျပ်ဝန်းကျင်မှ ယခုကဲ့သို့ ပြန်လည်မြင့်တက်လာသည့်အပြင် တန်းစီစနစ်ဖြင့်ဝယ်ယူနေရကြောင်း သိရသည်။

“အဓိကအကြောင်းအရင်းကတော့စျေးကွက်အတွင်းစားအုန်းဆီလိုအပ်ချက်နဲ့တင်သွင်းခွင့်ရတဲ့ပမာဏမကိုက်ညီသေးတာရယ်၊ဖြန့်ချီရေးစနစ်အဆင့်အဆင့်မှာလည်းအမြတ်ယူလိုမူများနေတာတွေရှိနေတာကြောင့်လို ယူဆမိတယ်”ဟုဆီတင်သွင်းဖြန့်ချီနေသည့်လုပ်ငန်းရှင်တစ်ဦးကပြောကြားထားသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသော်လည်း ‌ဈေးကွက်အတွင်းဈေးမြင့်တက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်း(၆၀၀) ကျော်ဖိုးခန့် တင်သွင်းနေရပြီး နိုင်ငံခြား ငွေသုံးစွဲမှုများပြားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နှစ်စဥ်စားသုံးဆီသုံးစွဲမှု တန်ချိန်(၁၂)သိန်းခန့်ရှိပြီး နှစ်စဥ်ပြည်ပမှ တန်ချိန် (၉)သိန်းခန့်တင်သွင်းနေရကာ စားသုံးဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အ များဆုံး တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here