လမ်းပိုင်းဆက်သွယ်ရေး အခက်အခဲကြောင့် မြဝတီမြို့တွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေ

0
154

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကော့ကရိတ် – မြဝတီလမ်းပိုင်း ဆက်သွယ်ရေးခက်ခဲနေပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်နေကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့သို့ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတို့မှတဆင့် ဒေါနတောင်ကို ဖြတ်သန်း၍ ခရီးသည်နှင့် ကုန်စည်များကို  သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်။

သို့သော် မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာပြီး လမ်းပိုင်းအားလုံး ယာယီပိတ်ထားရသည့်အတွက် ကော့ကရိတ်-မြဝတီလမ်းဟောင်းကို ပြန်လည်အသုံးပြုနေရခြင်းဖြစ်သည်။

ဇွန် (၉) ရက်ကစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် လမ်းပိုင်းတလျှောက် မြေပြိုခြင်း၊ လမ်းမြေသား ရေတိုက်စားခြင်း၊ လမ်းပိတ်ဆို့မှုများကြောင့် ခရီးသည်နှင့်ကုန်စည်များ ရပ်နားခဲ့ရကြောင်း သိရသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ဘားအံ – မြဝတီ ခရီးသည်တစ်ယောက်လျှင် ယာဉ်စီးခ ယခင် ကျပ် ၈၀,၀၀၀ မှ ယခု ကျပ် ၁၀၀,၀၀၀ အထိမြင့်တက်နေပြီးကုန်စည်တင်ဆောင်ခများပါ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

မြန်မာ – ထိုင်း ကုန်သွယ်မှုအနေဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လယ်ယာထွက်ကုန်နှင့်ရေထွက်ကုန် အဓိက တင်ပို့နေပြီးထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးစက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ အထည်အလိပ်၊ အလှကုန်၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်နှင့် လျှပ်စစ်ပစ္စည်းများကို ပြန်လည်တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကုန်စည်စီးဆင်းမှု အခြေအနေသည် အဆိုးဝါးဆုံးအခြေအနေတခုကို ဖြတ်သန်းနေရသည့် ကာလဖြစ်ကြောင်း နယ်စပ်ကုန်သည်များကဆိုသည်။

မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်များမှတဆင့် ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here