စစ်ပွဲအဆုံးသတ်ဖို့ရာ ယူကရိန်းနယ်မြေအချို့ ထပ်ပေးရမယ်လို့ ပူတင်က တောင်းဆို

0
243

မော်စကိုက တောင်းဆိုထားတဲ့ နယ်မြေလေးခုစလုံးကို ကိဗ်က ပေးအပ်ပြီး နေတိုးအဖွဲ့နဲ့ ပူးပေါင်းမယ့် ကမ်းလှမ်းမှုကို စွန့်လွှတ်ပါက ယူကရိန်းစစ်ပွဲကို ရုရှားက အဆုံးသတ်ပေးမယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ပြောဆိုလိုက်ပါတယ်။ ယင်းနောက် ချက်ချင်းဆိုသလိုဘဲ ဒီပြောဆိုချက်တွေဟာ အတုအယောင်သာဖြစ်ပြီး ဘုံသဘောဆန္ဒတွေအပေါ် ထိခိုက်အောင်လုပ်ခြင်းဖြစ်တယ်လို့ ကိဗ်ဘက်က တုန့်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံကို ဖိတ်ကြားခဲ့ခြင်းမရှိတဲ့ ဆွစ်ဇာလန် ငြိမ်းချမ်းရေးကွန်ဖရင့် မတိုင်မီ သောကြာနေ့မှာ ပူတင်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ယူကရိန်း ကျူးကျော်စစ် ၂ နှစ်ကျော်ကြာလာချိန် ယခင်ကထက် ပိုမိုအသေးစိတ်တဲ့ သူဘက်က ရပ်တည်ချက်သဘောထားကို ပူတင်က ထုတ်ပြောလာတာဖြစ်ပါတယ်။

အနောက်နိုင်ငံတွေ အနေနဲ့ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးရမယ်လို့လည်း ပူတင်က ပြောဆိုခဲ့တာပါ။

ယူကရိန်းက အနောက်နိုင်ငံ အရာရှိ အချို့ကတော့ ပူတင်ဟာ ကိဗ်ကို အလုံးစုံ ကျရှုံးစေမှုထက် မနိမ့်သော အခြေအနေအတွက် ရည်ရွယ်ချက်ရှိထားတယ်လို့ အကြိမ်ကြိမ် သတိပေးခဲ့ကြပြီး အပစ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးဆွေးနွေးမှုမှန်သမျှဟာ ရုရှားတပ်တွေကို ပြန်အင်အားစုစည်းနိုင်စေပြီး အနာဂတ်မှာ ဒီထက်ပိုပြင်းထန်တဲ့ ထိုးစစ်တစ်ခု လုပ်လာအောင် အခွင့်အရေးပေးသလိုသာ ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ကြပါတယ်။

သို့ပေမယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်မှုမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ရုရှားဘက်က ရပ်တည်ချက်အခြေအနေဟာ ရိုးရှင်းတယ်လို့ ပူတင်က ပြောဆိုကြောင်း၊ ယူကရိန်းတပ်တွေဟာ ဒိုးနက်စ်၊ လူဟန့်စ်၊ ခါဆွန်နဲ့ ဇာပိုရစ်ဇီယားဒေသလေးခုရဲ့ နယ်မြေတကျောလုံးကနေ အလုံးစုံ ရုပ်သိမ်းမှုနဲ့ စတင်ရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ယင်းဒေသအသီးသီးဟာ ရုရှားပိုင်နက် အစိတ်အပိုင်းဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်မှာ အခိုင်အမာပြောဆိုထားပေမယ့် မော်စကိုဟာ ယင်းဒေသတွေကို တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ပူတင်ရဲ့ ရာဇသံအပေါ် သူ့နိုင်ငံက မယုံကြည်ကြောင်းနဲ့ ၎င်းဟာ ယခင်က သူလုပ်ခဲ့ဖူးတဲ့ ကမ်းလှမ်းမှုတွေနဲ့ သိသိသာသာ ကွာခြားမှုမရှိကြောင်း ဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတရဲ့ အကြံပေးဖြစ်တဲ့ မီခိုင်လို ပိုဒိုလီယက်ကလည်း ကိဗ်ရဲ့ မဟာမိတ်တွေအနေနဲ့ ရုရှားရဲ့ အဆိုပြုချက်တွေကို အလေးအနက်မထားဖို့နဲ့ ထင်ယောင်ထင်မှားမဖြစ်ကြဖို့ တောင်းဆိုခဲ့ပြီး ပူတင်ရဲ့ ပြောဆိုချက်တွေဟာ ဆင်ခြင်တုံတရားကို ထိုးနှက်ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အသစ်အဆန်း မပါ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေနဲ့ စစ်ပွဲကို အဆုံးသတ်ချင်တဲ့ ဆန္ဒမရှိဘဲ စစ်ပွဲကို ပုံစံအသစ်နဲ့ ဆက်လုပ်မယ့် ဆန္ဒရှိသာရှိနေပြီး အားလုံးဟာ အတုအယောင်တွေဖြစ်တယ်လို့ ၎င်းက ပြောဆိုသွားပါတယ်။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here