လားရှိုး – မူဆယ်သွား ကွင်းရှောင်လမ်းတစ်ခုဖြစ်သည့် မိုင်းလီလမ်း ကားရာနှင့်ချီပိတ်ဆို့မှု ဖြစ်ပွားနေ

0
197

မိုးသည်းထန်စွာ ရွာသွန်းထားမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး – မူဆယ်သွား ကွင်းရှောင်လမ်းတစ်ခုဖြစ်သည့် မိုင်းလီကျေးရွာအနီးရှိ မိုင်းလီလမ်းတွင် ကားရာနှင့်ချီပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း မူဆယ်မြို့ဒေသခံတစ်ဦးထံမှ သိရသည်။

ယခုလ ဇွန်(၁၀)ရက်မှ ယနေ့အချိန်အထိ အဆိုပါ မိုင်းလီကွင်းလမ်းတစ်လျှောက် ရွံ့နွံများကြောင့် ယာဉ်များ နစ်နေသည့်အပြင် အောက်ပိုင်းနိမ့်သောကားများ ပျက်ကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလျှက်ရှိကြောင်း ဆိုသည်။

” မိုးက အခုရက်ပိုင်အတွင်း ရွာလိုက်တိတ်လိုက်နဲ့ ကားတွေကလည်း မဖြစ်မနေ သွားနေရတော့ ဗွက်ကိုနယ်ပေးသလိုဖြစ်ပြီး လမ်းတွေချော်ကုန်တာ။ သူ့နဂိုလမ်းကိုက အရင်ထဲက ကြမ်းရတဲ့အထဲ မိုးရွာလိုက်တော့ အကုန်တိုင်ပတ်ကုန်တာ။ ကားရာနဲ့ ချီရှိနိုင်တယ် တန်းစီပြီး သွားနေရတာ။ ဒီကြားထဲ သီပေါ – နမ္မတူ လမ်းမှာလည်း မြောင်းကြီးတူးထားလို့ ဘယ်ကားမှသွားမရဘဲ ပိတ်နေတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ဖြစ်ပွားခဲ့သော တိုက်ပွဒများကြောင့် မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးကို သွားလာခွင့် ပိတ်ထားသည့်အတွက် ဒေသတွင်း ခရီးသွားများ ကွင်းလမ်းများမှတဆင့် သွားလာနေကြရပြီး မိုးရွာသွန်းမှုများကြောင့် ယင်းကွင်းလမ်းများပျက်ဆီးကာ ခရီးလမ်းတွင် ရက်ပေါင်းများစွာ ကြန့်ကြာမှုများ ရှိနေသည်။

ထို့ပြင် ဒေသတွင်း စစ်ရေးမတည်မငြိမ်မှုများကြောင့် သီပေါမြို့နယ် ကွန်စံလိတ်ရွာအနီးရှိ သီပေါ-နမ္မတူ ကားလမ်းမကြီးပေါ်တွင် မြောင်းတူးကာ လမ်းများဖြတ်တောက်ခြင်းခံထားရသလို လားရှိုးမြို့နယ်အတွင်း မိုင်းယော်တိုက်နယ်ရှိ ကောင်းဟုန်းကျေးရွာ လမ်းပေါ်တွင်လည်း မြောင်းတူးဖော်ထားသဖြင့် ယာဉ်ပိတ်ဆို့များ ဖြစ်ပွားလျှက်ရှိကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here