စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ဖို့ နစက ဥက္ကဋ္ဌ တိုက်တွန်း

0
202

မိတ္ထီလာခရိုင်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ဖို့ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

ယမန်နေ့ဇွန် (၁၅) ရက်၊ နံနက်ပိုင်းက မိတ္ထီလာခရိုင် အတွင်းရှိ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားစဉ် ထိုသို့ပြောကြားခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက ပြောကြားရာ၌ မိတ္ထီလာခရိုင်တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနှင့် ဝါတို့ကို စိုက်ပျိုးသည်ကို တွေ့ရှိရပြီး ပန်းတိုင်အထွက်နှုန်းရည်မှန်းချက်နှင့်ကွာဟနေသေးသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

မြေဆီမြေလွှာကောင်းရန်နှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရန်၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိရန် နည်းလမ်းရှာ၍ မြေဆီမြေလွှာကောင်းမွန်လာအောင်ဆောင်ရွက်ခြင်း၊ မြေပြုပြင်ခြင်းများ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာထွက်ရှိမှု မရှိခြင်းကြောင့် မိတ္ထီလာခရိုင်၏ ဝင်ငွေကို များစွာထိခိုက်စေနိုင်ကြောင်း နစက ဥက္ကဋ္ဌ ကပြောသည်။

ထို့ပြင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ဝါ စိုက်ပျိုးထွက်ရှိမှုများတွင်လည်း ပန်းတိုင်အထွက်နှုန်းလျော့နည်းခဲ့မှုကြောင့် မိတ္ထီလာဒေသအတွက် ငွေကျပ်သန်းပေါင်းများစွာ ထိခိုက်နစ်နာလျက်ရှိနေသဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကာ မိမိတို့ခရိုင်၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

ထိုနည်းတူ မိတ္ထီလာသည် လမ်းဆုံလမ်းခွကျကာခရီးသွားများစွာ နေ့စဉ်ဝင်ထွက်သွားလာမှုရှိသောကြောင့် ဈေးကွက်ရှိသည့်မြို့တစ်မြို့ဖြစ်သောကြောင့် ဒေသတွင်းစားသုံးမှုကို ဖူလုံအောင်ဆောင်ရွက်ပြီး ပိုလျှံသည်များကို နိုင်ငံတွင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သည့်အခွင့်အလမ်းများလည်းပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

နိုင်ငံအနေဖြင့် နို့နှင့် နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရသဖြင့် မိတ္ထီလာခရိုင်အတွင်း နို့စားနွား မွေးမြူရေးလုပ်ငန်းကို အောင်မြင်ဖြစ်ထွန်းအောင်ကြိုးပမ်းဆောင်ရွက်ကြရန်လည်း နစကဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မိတ္ထီလာခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here