ဆွစ်ဇာလန်နိုင်ငံတစ်ဝန်းရှိ ယူကရိန်း စစ်ဘေးဒုက္ခသည်တွေဟာ စနေနေ့က Lucerne မြို့ရှိ ကမ္ဘာလုံးဆိုင်ရာ ယူကရိန်းငြိမ်းချမ်းရေး ညီလာခံကျင်းပရာနေရာအနီးကို စုဝေးလာရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုအတွက် သူတို့ရဲ့ မျှော်လင့်ချက်ကို ဖော်ညွှန်းတယ်လို့ဆိုတဲ့ ဘီသိုဗင်ရဲ့ “Ode to Joy” သီချင်းကို သီဆိုခဲ့ကြကြောင်း သိရပါတယ်။
ယူကရိန်းရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေအပေါ် ထောက်ခံမှုပေးနိုင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင် ဒါဇင်များစွာ အစည်းအဝေးလုပ်နေကြတဲ့ တောင်ပေါ်အပန်းဖြေဒေသ Buergenstock အနီး Lucerne မြို့ရှိ ပြည်သူ့ရင်ပြင်တစ်ခုမှာ တေးသီဆိုသူတွေ စုဝေးခဲ့ကြတာဖြစ်ပါတယ်။
သူတို့တွေထဲမှာ ဆွစ်ဇာလန်တစ်ဝန်း မတူညီတဲ့ ဒေသငါးခုကမှ ယူကရိန်း ဒုက္ခသည် ၅၀ ခန့်လည်း ပါဝင်ခဲ့ပြီး သူတို့ထဲက တစ်ချို့ဟာ အမျိုးသားဝတ်စုံတွေနဲ့ ပန်းသရဖူတွေ ဝတ်ဆင်လာခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်း စတင်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဆွစ်ဇာလန်ဟာ ယူကရိန်းစစ်ဘေးဒုက္ခသည် ၆၅၀၀၀ ကျော်ကို လက်ခံခိုလှုံခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဂျာမန်ကဗျာဆရာ Friedrich Schiller ရေးသားခဲ့တဲ့ စိတ်ဓါတ်မြှင့်တင်ရေး Ode to Joy သီချင်းဟာ စည်းလုံးမှု၊ မျှော်လင့်ချက်နဲ့ တသားတည်းရှိမှု တန်ဖိုးတွေကို ချီးကျူးသီကုံးထားတာဖြစ်ပါတယ်။ ဒါ့အပြင် Ode to Joy ဟာ ယူကရိန်းက ထောက်ခံဖို့ မျှော်လင့်ထားတဲ့ ဥရောပ သမဂ္ဂအဖွဲ့အစည်းရဲ့ သီချင်းလည်းဖြစ်ပါတယ်။
သံစုံတီးဝိုင်းငယ်တစ်ခုပါဝင်တဲ့ တေးသီဆိုသူတွေကို ကမ္ဘာ့လှည့်ခရီးသွားတွေကလည်း ဝန်းရံခဲ့ကြပြီး သူတို့ဟာ Lucerne ရဲ့ နာမည်ကျော် သစ်သားတံတားကို သွားရောက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ယူကရိန်းထောက်ခံ ဆန္ဒပြသူတွေလည်း ပူးပေါင်းလာခဲ့ကြပြီး နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Ref: Arab News