ငြိမ်းချမ်းရေးဆွေးနွေးမည့် ပါတီအစုအဖွဲ့၏ ခေါင်းဆောင် (၄) ဦးရွေးချယ် ၊ (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် NSPNC နှင့် တွေ့ဆုံမည်

0
282

NSPNC ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် (၃) ပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကို ပါတီ (၁၆) ခုမှ အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။

အဆိုပါ (၁၆) ဦးကို ပြီးခဲ့သည့် မေလ (၂၅) ရက်က ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ NSPNC ရုံးရှိ ပါတီအစုအဖွဲ့အစည်းဝေးခန်းမတွင် မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အလုပ်အဖွဲ့သည် ဇွန်လ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် အစည်းအဝေး ပြုလုပ်ကာ အဖွဲ့ခေါင်းဆောင် (၄) ဦးကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ရွေးချယ်လိုက်သည့် အလှည့်ကျ ခေါင်းဆောင် (၄) ဦးတွင် ကြံ့ခိုင်ရေးပါတီ ၊ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ၊ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီတို့မှ ခေါင်းဆောင် (၄) ဦး ရွေးချယ်ခဲ့ကြောင်း သိရသည်။

” ပါတီ (၄) ခုက ကာလတစ်ခုထိ ဦးဆောင်ကြမှာပေါ့ဗျာ။ ‌(၄) ပါတီကတော့ ဦးစိုင်းအိုက်ပေါင်း ပါတီရယ်၊ ပြည်ခိုင်ဖြိုးပါတီရယ်၊ ဦးကိုကိုကြီးပါတီရယ် ၊ ကျွန်တော့ ပါတီရယ်ပါ” ဟု ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယင်းအဖွဲ့အနေဖြင့် သက်တမ်းအပိုင်းအခြားအနေဖြင့် သတ်မှတ်ထားခြင်း မရှိဘဲ နစက၏ သက်တမ်းတလျှောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို နိုင်ငံရေးပါတီ အစုအဖွဲ့အနေဖြင့် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

” ကာလအနေနဲ့ကတော့ ဘယ်လောက်ရယ်လို့ မဟုတ်ပါဘူး။ လက်ရှိ SAC သွားတဲ့ ကာလအထိပါပဲ ” ဟု ဒေါက်တာအေးမောင်က ရှင်းပြသည်။

နိုင်ငံရေးပါတီအစုအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အဖြေရှာရာတွင် စစ်ဘောင်ကျယ်လာခြင်းထက် နိုင်ငံရေးအရ အဖြေရှာနိုင်မည့် လမ်းစကို ရှာဖွေနိုင်ရေး ကြားခံနယ်တစ်ခုအနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအပါအဝင် NCA လမ်းကြောင်းပေါ်တွင် ရှိမနေသည့် လက်နက်ကိုင်အဖွဲ့များနှင့်ပါ တွေ့ဆုံဆွေးနွေးရန် လိုအပ်လာပါက ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

လာမည့် ဇွန်လ (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် ယခုဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် အမျိုးသားစည်းလုံး ညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်း‌ဆွေးနွေးမှု ကော်မတီ (NSPNC)နှင့် ဇွန် လ (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် (၂)ရက်တာ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်၏ ပြောကြားချက်အရ သိရသည်။

“ပြည်‌ထောင်စုအဆင့်ပါတီများ၊အမျိုးသားရေးကိုယ်စားပြုပါတီများနှင့် တ်ိုင်းရင်းသားကိုယ်စားပြုပါတီများ အချိုးညီမျှစွာပါ‌ဝင်စေအောင်ဖွဲ့စည်းထားပါတယ်။ အစုအဖွဲ့ ခေါင်းဆောင်(၄)ဦးကလည်း မတူညီသော အမြင်၊ရှူတောင့်မှ အသွင်မတူညီကွဲပြားသည့် နိုင်ငံရေးပါတီများကို တွဲဖက်ပေါင်းစပ်ပြီး အင်အားစုတစ်ရပ်ဖြစ်လာမယ်ယူဆပါတယ်။
ခေါင်း‌ဆောင်(၄)ယောက်မှာဆိုရင် ပြည်မပါတီ(၂)ပါတီနှင့်တိုင်းရင်းသားပါတီ(၂)ပါတီကို မတူညီကွဲပြားမှူကို အားတစ်ရပ်အဖြစ်ပေါင်းစပ်ဖွဲ့စည်းထားလို့ နိုင်ငံရေး အရွေ့တစ်ခုဖော်ဆောင်နိုင်မယ်လို့ယုံကြည်ပါသည်”ဟု ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီမှ ဒုဥက္ကဌ ဦးညီညီလွင်ကဆိုသည်။

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွင် ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ရှမ်းနီပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်ပါတီ ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ လူထုပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ကရင်၊ ကို့ကန့် တိုင်းရင်းသားပါတီတို့ အစရှိသော (၁၆)ပါတီ ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here