မြောက်ကိုရီးယားစစ်သား ဒါဇင်နဲ့ချီ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တာကြောင့် တောင်ကိုရီးယားဘက်က သတိပေး ပစ်ခတ်မှုလုပ်

0
252

မြောက်ကိုရီးယားစစ်သား ဒါဇင်နဲ့ချီဟာ လုံခြုံရေးတင်းကြပ်တဲ့ နယ်စပ်လိုင်းကို ခဏတာ ဖြတ်ကျော်မှုလုပ်ခဲ့ကြပြီး တောင်ကိုရီးယားစစ်တပ်ဘက်က သတိပေး ပစ်ခတ်မှုလုပ်ချိန်မှာ ပြန်ဆုတ်သွားကြတယ်လို့ ယွန်ဟပ်သတင်းက ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ သီတင်းနှစ်ပတ်အတွင်း ဒုတိယမြောက်ဖြစ်ပွားခဲ့တဲ့ နယ်စပ်ဖြတ်ကျော်မှုဖြစ်ကြောင်း သိရပါတယ်။

“ဒါဇင်နဲ့ချီတဲ့ မြောက်ကိုရီးယားတပ်သားတွေဟာ စစ်ရေးနယ်နိမိတ်လိုင်းကို ဒီကနေ့မှာ ကျူးကျော်ဝင်ရောက်ခဲ့ပြီး တောင်ပိုင်းက သတိပေးပစ်ခတ်မှုလုပ်အပြီးမှာ မြောက်ဘက်ကို ပြန်ဆုတ်သွားကြတယ်” လို့ ပူးတွဲစစ်ဦးစီးချုပ်များရုံးကို ကိုးကားပြီး ကိုရီးယားနှစ်နိုင်ငံအကြား ထိန်းချုပ်ရေးလိုင်းကို ရည်ညွှန်းကာ ယွန်ဟပ်က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အလားတူ နယ်စပ်ဖြတ်ကျော်မှု ဖြစ်ပွားခဲ့သေးတာဖြစ်ပါတယ်။

နယ်စပ်ဧရိယာမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် မြောက်ကိုရီးယား စစ်သားတွေ ဒဏ်ရာရ သို့မဟုတ် ‌ေ-သဆုံးမှုဖြစ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကလည်း ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့် ယင်းမိုင်းပေါက်ကွဲမှုတွေ ဘယ်အချိန်ကဖြစ်ပွားခဲ့တာလဲဆိုတာတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

တောင်ကိုရီးယားနဲ့ ၂၀၁၈ ခုနှစ်မှာ ရရှိထားတဲ့ စစ်ရေးသ‌ဘောတူညီချက်ကို ရုပ်သိမ်းသွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက နိုဝင်ဘာလအတွင်း ပြောဆိုခဲ့ပြီး တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ပစ္စည်းတွေကို နယ်စပ်သို့ ထပ်တိုးချထားခဲ့ပါတယ်။

ပြုံယမ်းက ပထမဆုံး စစ်ရေးသူလျှိုဂြိုဟ်တုကို အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့မှုကို တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဘက်က ယင်း သဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့အပြီးမှာ မြောက်ကိုရီးယားက အလုံးစုံ ရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။

Ref: Barron’s , အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here