နျူလက်နက်တွေ အသင့်အနေအထားပြင်ထားဖို့ နေတိုးအဖွဲ့ ဆွေးနွေးဟု ဆို

0
165

ရုရှားနဲ့ တရုတ်တို့ထံက ခြိမ်းခြောက်မှုတွေ ကြီးထွားလာစဉ် နျူကလီးယားလက်နက်တွေ ပိုမိုဖြန့်ကျက်သွားဖို့နဲ့ ယင်းတို့ကို လက်နက်ဂိုဒေါင်တွေမှ ထုတ်ပြီး အသင့်အနေအထားပြင်ဆင်ထားဖို့ရာ နေတိုးအဖွဲ့က ဆွေးနွေးနေတယ်လို့ မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူက တနင်္လာနေ့(ဇွန် ၁၇) မှာ ပြောဆိုလိုက်ပါတယ်။   
       
နျူကလီးယား လက်နက်တွေကို ဟန့်တားရေးလက်နက်အဖြစ် ပွင့်လင်းမြင်သာစွာ အသုံးပြုရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအကြား ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ အတွင်းရေးမှူးချုပ် ဂျင်းစ် စတောလ်တန်ဘတ်ဂျ်က ဗြိတိန် တယ်လီဂရပ်ဖ်သတင်းစာကို ပြောဆိုခဲ့ပါတယ်။

နျူလက်နက်ထိပ်ဖူးတွေ ဘယ်လောက် ဖြန့်ကျက်ပြီး ဘယ်လောက်ကို သိမ်းဆည်းထားမယ်ဆိုတဲ့ အသေးစိတ်အကြောင်းအရာကိုတော့ မိမိ နားမလည်ပါကြောင်း သို့ပေမယ့် ဒီကိစ္စကို မိမိတို့ တိုင်ပင်ဖို့လိုအပ်ကြောင်း သူက သတင်းစာကို ပြောဆိုသွားပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့ ရည်ရွယ်ချက်က နျူကလီးယား မရှိတဲ့ ကမ္ဘာဖြစ်ကြောင်း၊ သို့ပေမယ့် နျူကလီးယားလက်နက်တွေ ဆက်ရှိနေသမျှတော့ မိမိတို့ဟာလည်း နျူကလီးယားမဟာမိတ်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း ဒါဟာ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့က နျူကလီးယားလက်နက်ရှိပြီး နေတိုးအဖွဲ့က နျူလက်နက်မရှိတဲ့ ကမ္ဘာက ပိုမိုအန္တရာယ်များတာကြောင့်ဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

နျူလက်နက်တွေဟာ နေတိုးအဖွဲ့ရဲ့ “လုံခြုံရေးအာမခံချက်” ဖြစ်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ စတောလ်တန်ဘတ်ဂျ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောဆိုထားခဲ့ပါတယ်။

လွန်ကဲလာတဲ့ အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် မော်စကိုဟာ နျူကလီးယားလက်နက်တွေကို ထုတ်သုံးရနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အကြိမ်ကြိမ် သတိပေးမှုလုပ်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေဟာ ယူကရိန်းကို ဒေါ်လာဘီလီယံချီ တန်ဖိုးရှိ လက်နက်တွေ ထောက်ပံ့ပေးခြင်းဖြင့် (အချို့ လက်နက်တွေကို ရုရှားပိုင်နက်အတွင်း တိုက်ခိုက်ရာမှာ အသုံးပြုခဲ့) ကမ္ဘာကို နျူကလီးယားထိပ်တိုက်တွေ့မှု ကမ်းပါးစွန်းဆီ တွန်းပို့နေတယ်လို့ ပူတင်က စွပ်စွဲခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here