ပြည်ပသို့ ဝါများကို ရောင်းချမည့်အစား ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် အဆင့်မီချည်များကို ထုတ်လုပ်ရန် နစကဥက္ကဋ္ဌပြော

0
105

ဇွန်လ (၁၇) ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိတပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစွာ စက်ရုံမှ ချည်အမျိုးမျိုးထုတ်နေမှု၊ ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် ဆောင်ရွက်နေမှု၊ ၂/၈၀ ချည်များအား ပြည်တွင်း၌ ထွက်ရှိသည့်ဝါများဖြင့် ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုတို့ကစက်ရုံမှူးက ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌ က ပြည်ပသို့ ဝါများကို ရောင်းချမည့်အစား ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် အဆင့်မီချည်များကိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း အပါအဝင် အခြေခံချည်ထည်အမျိုးမျိုးကို ပြည်တွင်း၌ ထုတ် လုပ်နိုင်ပြီဖြစ်သောကြောင့် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့် ပိတ်များထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။

ယင်းနောက် နစက ဥက္ကဋ္ဌသည် ခင်းကျင်းပြထားသော စက်ရုံမှထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စများနှင့် ချည်ထည်များ၏ အရည်အသွေးများအား ကြည့်ရှုစစ်ဆေးကာ ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here