မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်း (၃)ခုမှ ပြည်သူများ လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

0
98

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်ပြည်သူများ ခိုလှုံနေထိုင်သည့် စခန်း (၃)ခုမှ ပြည်သူများ လုံခြုံစွာ နေထိုင်စားသောက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ဇွန် (၁၈) ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ခိုလှုံရာလူငယ်ပြုစုရေးသင်တန်းကျောင်းဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၈၁) ဦးနှင့် သွားရောက် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားကာ စခန်းအတွင်းရှိ ကျောင်းသား က-လေ-းငယ်များအတွက် ဗလာစာအုပ်ဒါဇင် (၅၀) နှင့် စာရေးကိရိယာများ၊ မုန့်များကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ စခန်းတာဝန်ခံက ယာယီနေအိမ်တန်းလျားများ တည်ဆောက်နိုင်ရေး၊ ရေအိမ်သာလိုအပ်ချက်၊ သောက်သုံးရေ လိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းပေးခဲ့ပြီး နေအိမ်များတည်ဆောက်နိုင်ရေး ငွေကျပ်သိန်း (၆၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုမှတဆင့် စီတာပူရပ်ကွက်၊ ဗလမင်းထင်ပရိယတ္တိစာသင်တိုက်အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်‌ထောင်စု (၇၆) စု၊ လူဦးရေ (၂၅၂) ဦးနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်၊ အခက်အခဲများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး မိသားစုများ၏ ကျောင်းသား က-လေ-းများအတွက် ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ကာ မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံ ဖိလဒေလမိ(ပင်တေကုတ္တေ) အသင်းတော် ဘုရားကျောင်းသို့လည်း သွားရောက်ပြီး အသင်းဝင်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၉) စု၊ လူဦးရေ (၁၆၂) ဦးတို့အား နေထိုင်စားသောက်ရာတွင် လိုအပ်ချက်၊ အခက်အခဲများ မေးမြန်းဆွေးနွေးကာ ကျောင်းသုံး ဗလာစာအုပ်များနှင့် ယာယီနေအိမ်တန်းလျားတည်ဆောက်နိုင်ရေး ငွေကျပ် (၃၈) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မိသားစုများအား မုန့်များကို လိုက်လံဝေငှ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင် ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် မိုးရာသီဖြစ်သည့်အတွက် အမိုး/အကာဖြင့် လုံခြုံနွေးထွေးစွာ နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here