တောင်ငူမြို့ သာသနာပိုင်နယ်မြေများအတွင်း စစ်ရှောင် (၁၀,၀၀၀)နီးပါး ခိုလှုံနေရ၊ စားနပ်ရိက္ခာ ဖူလုံမှုမရှိသဖြင့် အခက်အခဲကြုံနေဟုဆို

0
78

တောင်ငူမြို့ပေါ်ရှိ သာသနာပိုင်နယ်မြေများ၌ ဒေသတွင်း စစ်ရှောင်ပြည်သူ (၁၀,၀၀၀)နီးပါး ခိုလှုံနေထိုင်နေကြပြီး၊ မိုးတွင်းကာလ အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ်ရိက္ခာဖူ လုံမှုမရှိဘဲ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသတွင်း စစ်ရှောင်အရေး ကူညီပေးနေသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများမှာ တောင်ငူမြို့ပေါ်ရှိဘုန်းကြီးကျောင်းများဖြစ်ကြသည့် နဂါးရုံ‌ကျောင်း၊ စကားကျောင်း၊ ပေတောကျောင်းနှင့် (၁၉)ရပ်ကွက်အတွင်းရှိ နှစ်ခြင်း ခရစ်ယာန်ကျောင်း၊ ကျောက်ရေတွင်း ခရစ်ယာန်ကျောင်းတို့ရှိ မြေလွတ်နေရာများတွင် ယာယီတဲငယ်များထိုးကာ ခိုလှုံနေကြရသည်ဟု ဆိုသည်။

“လက်ရှိတော့ သာသနာပိုင်နယ်မြေတွေမှာ မိုးကာတဲတွေထိုးပြီးနေကြတယ်။ လက်ရှိ လက်နက်ကြီးပစ်သံကြားလို့ မနေရဲဘဲ‌ ထွက်ပြေးလာသူတွေလည်းရှိသလို ပြီးခဲ့တဲ့နှစ်တည်းက တိုက်ပွဲရှောင်လာတဲ့ သူတွေလည်းရှိတယ်။ အချို့ဆို တစ်နှစ်ကျော်ပြီ။ နယ်မြေအေးချမ်းတဲ့ ဘက်တွေက ဒေသခံတွေလည်း ပြန်သွားကြတာလည်းရှိပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ တောင်ငူမြို့ပေါ်ရှိ သာသနာ ပိုင်နယ်မြေများအတွင်း ခိုလှုံနေကြသူများမှာ ဇရပ်ကြီး၊ ကျောက်ကြီး၊ လိပ်သို၊ သံတောင်နှင့် ဇရပ်ကြီးမြို့အနီးပတ်ဝန်းကျင်ရှိ တလအိုင်၊ ဂွအိုင်၊ သရက်တန်း၊ သပြေညွှန့် အစရှိသည့် ကျေးရွာများမှ လာရောက်ခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးစောင့်ရှောင့်မှုကတော့ မြို့နယ်ကျန်းမာရေးအဖွဲ့နဲ့ ဒေသတွင်းက ပရဟိတအသင်းအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ပေးနေပါတယ်”ဟု ၎င်းကဖြည့်စွက် ပြောသည်။

ဒေသတွင်း စစ်ရှောင်များအနေဖြင့် လက်ရှိတွင် ခြင်ထောင်၊ စောင်နှင့် အခြားမိုးရာသီသုံး အသုံးအဆောင်ပစ္စည်းအချို့လိုအပ်လျှက်ရှိပြီး၊ ဆန်ထောက်ပံ့မှုများရှိနေသော်လည်း စားသုံးဆီနှင့် မီးဖိုချောင်သုံး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟုဆိုသည်။

ပုံစာ – တောင်ငူမြို့ စကားကျောင်းရှိ စစ်ရှောင်ပြည်သူအချို့


LEAVE A REPLY

Please enter your comment!
Please enter your name here