ရှမ်းမြောက် စစ်ရေးပြန်တင်းမာလာချိန်နှင့် ရခိုင်ပြည်နယ်အတွင်းက ဂတ်စ်ပိုက်လိုင်းအနီး စစ်ပွဲများ နီးကပ်လာချိန် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်သို့ လာရောက်

0
260

တရုတ် ကြားဝင်မှုနှင့် အပစ်ရပ် သဘောတူညီမှု ရယူထားသည့် ရှမ်းမြောက် ဒေသအချို့တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းကစ၍ စစ်ရေးပြင်ဆင်မှုများနှင့် အခြေအနေပြန်လည်တင်းမာလာနေသလို ရခိုင်ပြည်နယ်အတွင်းက ဂတ်စ်ပိုက်လိုင်း စီမံကိန်းရှိရာ နယ်မြေအနီးသို့ တိုက်ပွဲများ ကျယ်ပြန့်လာချိန်တွင် တရုတ်၏ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း နေပြည်တော်သို့ လာရောက်ခဲ့ကြောင်း သိရသည်။

နစက၏ သတင်း ထုတ်ပြန်ချက်အရ တရုတ်အထူးကိုယ်စားလှယ်သည် ယမန်နေ့ (၁၈) ရက်၊ နံနက်ပိုင်းက ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နေပြည်တော်တွင် တွေ့ဆုံကာ တရုတ် – မြန်မာအရေး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာ – တရုတ်နယ်စပ်ဒေသ တစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဘက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမ္မဂတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့အပေါ်၌လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here