ဇွန်လအတွင်း ပထမဦးဆုံးအကြိမ် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၅) သန်းရောင်းချပေးခဲ့

0
211

ဗဟိုဘဏ်မှ ဇွန်လအတွင်း ပထမဆုံးအကြိမ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်‌များကို Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၅)သန်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ရောင်းချပေးသည့် ငွေလဲနှုန်းကိုထုတ်ပြန်ထားခြင်းမရှိသော်လည်း Online Trading Platform တွင် နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေသည့် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ တဒေါ်လာ ၃,၃၄၉ ကျပ် ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် မေလအတွင်း၌လည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို Online Trading Platform မှ တဆင့် အမေရိကန်ဒေါ်လာ (၁၀)သန်းနှင့် တရုတ်ယွမ် ၁၇ ဒသမ ၅ သန်း ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

သို့သော် မေလကုန်ပိုင်းတွင် ဒေါ်လာဈေး ၅,၀၀၀ နီးပါးထိ ထိုးတက်ခဲ့ပြီး သက်ဆိုင်သည့်အဖွဲ့အစည်းများမှ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူများကို ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ပြီးနောက် ပြင်ပ‌ဈေးကွက်တွင် ဒေါ်လာဈေး ကျပ် ၄,၀၀၀ ဝန်းကျင်ထိ ပြန်ဆင်းခဲ့ကြောင်း သိရသည်။

လက်ရှိ ပြင်ပဈေးကွက်တွင် အမေရိကန်တဒေါ်လာ ၄,၄၅၀ ထိ ပြန်လည် မြင့်တက်နေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဗဟိုဘဏ်အနေဖြင့် လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များက ဒေါ်လာဈေးများကို မယုံကြည်ဘဲ AD လိုင်စင်ရဘဏ်များက ထုတ်ပြန်သည့် ငွေလဲနှုန်းကိုသာ ယုံကြည်ကြရန်လည်းအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here