ပူတင်နဲ့ ကင်တို့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး ဘက်ပေါင်းစုံ ကမ္ဘာသစ်တည်ဆောက်ဖို့ ကတိပြု

0
168

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဗုဒ္ဓဟူးနေ့(ဇွန် ၁၉) မှာ ပြုံယမ်း လေဆိပ်ကို ရောက်ရှိလာတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပွေ့ဖက်နှုတ်ဆက်ကာ ခရီးဦးကြိုပြုပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တို့ဟာ သူတို့ရဲ့ ရင်တွင်းစကားသံများကို မျှဝေခဲ့ကြကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ရာ သဘောတူခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဋ္ဌာနက ဖော်ပြပါတယ်။

၂၄ နှစ်ကြာ ကာလအတွင်း သူ့ရဲ့ မြောက်ကိုရီးယားမြို့တော်သို့ ပထမဆုံးခရီးအဖြစ် အရုဏ်တက်ချိန်မတိုင်မီမှာ ပူတင် ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ အထီးကျန်မှုကို နှစ်နိုင်ငံလုံး ရင်ဆိုင်နေရချိန် ဆယ်စုနှစ်များစွာကြာ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးကို ပြန်လည်ပုံဖော်မယ့် ခရီးစဉ်တစ်ခုဖြစ်ပါတယ်။

၎င်းတို့နိုင်ငံတွေရဲ့ မိတ်ဖက်ဆက်ဆံရေးဟာ ဝင်ရိုးစွန်းပေါင်းစုံ ကမ္ဘာသစ်တစ်ခုကို အရှိန်မြှင့်တည်ဆောက်ရေး အင်ဂျင်ဖြစ်ကြောင်းနဲ့ ပူတင်ရဲ့ ခရီးစဉ်ဟာ ၎င်းတို့ရဲ့ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုရဲ့ တည်မြဲခြင်း၊ ခိုင်မာခြင်းတို့ကို သက်သေပြတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဋ္ဌာန KCNA က ဆိုခဲ့ပါတယ်။ ၎င်းတို့ အတူတူရှိမည့်အချိန်သည် ခန့်မှန်း ၉ နာရီခန့်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားဟာ မြောက်ကိုရီးယားနဲ့ နွေးထွေးသော ဆက်ဆံရေးဖြင့် ဝါရှင်တန်အပေါ် မခံချိမခံသာဖြစ်စေအောင် အသုံးချခဲ့ပြီး ကြီးကြီးမားမား ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံနေခဲ့ရတဲ့ မြောက်ကိုရီးယားဟာ နိုင်ငံရေး ကျောထောက်နောက်ခံနဲ့ မော်စကိုထံမှ စီးပွားရေးပံ့ပိုးမှု၊ ကုန်သွယ်မှုဆိုင်ရာ ကတိကဝတ်တွေ ရရှိခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဖြင့် ပိတ်ပင်ခံထားရသော မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေအတွက် ရုရှားက အကူအညီတွေ ပေးနိုင်တဲ့အပေါ် အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေက စိုးရိမ်ပူပန်ကြောင်း ပြောဆိုပါတယ်။ တဖန် မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားထံ ပဲ့ထိန်းဒုံးကျည်တွေနဲ့ လက်နက်ကြီးကျည်တွေ ထောက်ပံ့ပေးနေတယ်လို့ ၎င်းတို့က စွပ်စွဲခဲ့ပါတယ်။

မော်စကိုနဲ့ ပြုံယမ်းတို့ကတော့ လက်နက်တွေ လွှဲပြောင်းပို့ဆောင်တာမျိုး မရှိကြောင်း ငြင်းဆိုခဲ့ကြပါတယ်။

Ref: The Daily Star
Photo- TACC


LEAVE A REPLY

Please enter your comment!
Please enter your name here