ပဲခူးမှ ရခိုင်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်း ဖမ်းဆီးရမိ

0
242

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ ဆက်လက် သယ်ဆောင်မည့် ငွေကျပ် (၁) ဒသမ (၇၄) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၁) ဒသမ (၆)သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာ၏ အရှေ့ဘက် (၂) မိုင်ခန့်အကွာရှိ ထွန်းကျော်၏ တောင်ယာတဲကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇွန် (၁၆) ရက်၊ နံနက် (၁) နာရီအချိန် မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။ 

ထိုသို့ ရှာဖွေရာ ထွန်းကျော်၊ ဌေးဝင်း၊ ဇော်မြင့်နိုင်၊ သန်းထွန်းလေး၊ ကိုဖြိုး၊ ဇော်မင်းလှိုင်၊ မြင့်အေး၊ အောင်ကျော်ဆန်း၊ ထက်လင်းစိုး နှင့် စိုးလင်းအောင်တို့ (၁၀) ဦးအား ဒေသကာလတန်ဖိုးငွေကျပ် (၁) ဒသမ (၇၄) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၁) ဒသမ (၆) သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ပန်းတောင်းမြို့နယ်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ဆက်လက်သယ်ဆောင်မည်ဖြစ်ကြောင်း သိရသဖြင့် စိတ်ကြွ ရူးသွပ် ဆေးပြားများ သယ်ဆောင်ခိုင်းသူ မြတ်သူဝင်း(ခ)နောင်နောင် နှင့် သိန်းစိုးတို့ အပါအဝင် (၁၂) ဦး အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here