ကနောင်နှင့် သီလဝါအိမ်ရာရှိ အခန်းများကို အိမ်ရာစုဆောင်းငွေ ကျပ်သိန်း (၃၀) ပြည့်မီသူများအား မဲနှိုက်ရောင်းချမည်

0
384

ကနောင်နှင့် သီလဝါအိမ်ရာများရှိ အခန်းပေါင်း (၃၈၀) အနက် အခန်း (၂၃၀) ကို အိမ်ရာစုဆောင်းငွေ ကျပ်သိန်း (၃၀) ပြည့်မီသူများအတွက် ဇွန်လ (၂၁)ရက်တွင် မဲနှိုက်ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အိမ်ရာစုဆောင်းငွေ ကျပ်သိန်း (၃၀) ပြည့်မီသူများသည် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) တွင် ၂၁၈၉ ဦးရှိပြီး ၎င်းတို့အနက် ကနောင်အိမ်ရာအတွက် မဲနှိုက်ရန် စာရင်းပေးသွင်းထားသူ (၄၆၃)ဦးနှင့် သီလဝါအိမ်ရာအတွက် စာရင်းပေးသွင်းထားသူ (၂၈၂) ဦးရှိကြောင်းလည်း သိရသည်။

ရောင်းချပေးသွားမည့် အိမ်ရာအခန်းများမှာလည်း ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ထားသည့် ကနောင်အိမ်ရာရှိ (၁၂) ခန်းတွဲ (၅) ထပ်တိုက် (၃)လုံး၊ အခန်း (၁၅၀) ၊ သီလဝါအိမ်ရာရှိ (၆)ခန်းတွဲ (၅) ထပ်တိုက် (၃) လုံး၊ အခန်း (၉ဝ) ခန်း၊ (၈) ခန်းတွဲ (၅)ထပ်တိုက် (၂) လုံး၊ အခန်း (၈၀) ခန်းနှင့် (၄)ခန်းတွဲ (၅) ထပ်တိုက် (၃) လုံး၊ အခန်း (၆၀) ခန်း စုစုပေါင်းအခန်း (၂၃၀) ဖြစ်သည်။

အခန်းမဲနှိုက်ခွင့် ရရှိသူများအနေဖြင့် အခမ်းအနားသို့ ကိုယ်တိုင် (သိုမဟုတ်) ကိုယ်စားတက်ရောက်နိုင်ကာ အခမ်းအနား တက်ရောက်မည့် သူများသည် နိုင်ငံသားစိစစ်ရေးကတ် ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုယ်စားတက်ရောက်ပါက ကိုယ်စားလှယ်လွှဲစာ၊ အခန်းမဲနှိုက်ခွင့်ရရှိသူ၏ မှတ်ပုံတင်မိတ္တူပါရှိရမည် ဖြစ်ကာ ဝယ်ယူခွင့်ရရှိသူများကို ဘဏ်ချေးငွေစိစစ်ရန်အကြောင်းကြားစာအား တစ်ပါတည်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် ယင်းနေ့တွင် ထုတ်ယူနိုင်ခြင်း မရှိပါက ဇွန်လ (၂၈) ရက် နောက်ဆုံးထား ထုတ်ယူရမည်ဖြစ်ကာ ထုတ်ယူခြင်းမရှိပါက ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here