ဖျာပုံမြို့နယ်မှ မျှင်ငါးပိများအရောင်းသွက်
ယခင်လများထက် ရန်ကုန်အဝယ်တက်

0
132

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း မျှင်ငါးပိ ပိဿာချိန် (၈၉၀၀၀) အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့နယ်မှ ဒေသထွက် မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ ပုံမှန်တင်ပို့ ရောင်းချလျက်ရှိရာ ပြီးခဲ့သည့် ဧပြီလအတွင်းက မျှင်ငါးပိ ပိဿာချိန် (၆၆၀၀၀) အထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ (၁) ရက်မှ (၃၁) ရက်အထိ တစ်လတာ ကာလအတွင်း မျှင်ငါးပိ ပိဿာချိန် (၈၉၀၀၀) အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဖျာပုံမြို့နယ်ကနေ မျှင်ငါးပိတွေ အပါအဝင် ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့နေတာပေါ့။ အခုလို မျှင်ငါးပိတွေ အရောင်းအဝယ်ကောင်းလာတော့ မျှင်ငါးပိလုပ်ငန်း လုပ်ကိုင်သူတွေအပြင် လုပ်သားတွေပါ အလုပ်အကိုင်အဆင်ပြေလာပါတယ်”ဟု ဖျာပုံမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

ဖျာပုံမြို့နယ်၌ ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ပင်လယ်ပြင်မှရရှိသော မျှင်ကောင်များကို ဝယ်ယူ၍ မျှင်ငါးပိပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါဒေသထွက် မျှင်ငါးပိ တစ်ပိဿာလျှင် ငွေကျပ် (၂၈၅၀၀) ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here