ပြည်ပသို့ လုပ်သားစေလွှတ်ထားသည့် အေဂျင်စီမှ အလုပ်သမားများ တရားဝင်ငွေလွှဲစာ အထောက်အထားမပြနိုင်ပါက အေဂျင်စီကို အရေးယူမည်

0
398

အေဂျင်စီမှတဆင့် တရားဝင်သွားရောက် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများ၏ မိသားစုထံ လွှဲပို့ပေးသည့် လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင် AD လိုင်စင်ရဘဏ်များမှတဆင့် လွှဲပို့ထားကြောင်း အထောက်အထားကို လုပ်သား ပို့ဆောင်ပေးသည့် အေဂျင်စီများကအလုပ်သမားဝန်ကြီးဌာနထံ တင်ပြပေးရမည်ဖြစ်သည်။

အေဂျင်စီများအနေဖြင့် ၂၀၂၃ စက်တင်ဘာမှ ၂၀၂၄ ဧပြီလအထိ စေလွှတ်ထားသည့် အလုပ်သမားများ၏ မိသားစုဆီပေးပို့ငွေစာရင်း၊ အထောက်အထားများကို ပြုစုပြီး ဇွန်လမှ စတင်ကာ လစဉ် လဆန်း (၅)ရက်ထက် နောက်မကျဘဲ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားစာရင်းများအရ လုပ်သား (၅၀) နှင့်အထက် စေလွှတ်ခဲ့သည့် အေဂျင်စီများတွင် ၂၀၂၃ စက်တင်ဘာလအတွင်း အေဂျင်စီ (၆၅) ခု၊ အောက်တိုဘာလအတွင်း အေဂျင်စီ (၇၈) ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ (၈၃)ခု၊ ဒီဇင်ဘာလအတွင်း (၅၆) ခု ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ အေဂျင်စီများအနေဖြင့် သတ်မှတ်ထားသည့် ဇွန်လ (၂၈)ရက် နောက်ဆုံးထား၍ အလုပ်သမားများ တရားဝင်လမ်းကြောင်းမှ လွှဲထားသည့် အထောက်အထားကို တင်ပြရမည်ဖြစ်သည်။

ထို့ပြင် လက်ရှိတွင်လည်း ခွင့်ပြန်အလုပ်သမားများကို အခွန်ဆောင်ထားသည့် အထောက်အထား၊ မိသားစုထံ ငွေလွှဲပို့ထားသည့် ဘဏ်စလစ်ပြနိုင်မှသာ ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့လုပ်သားစေလွှတ်ထားသည့် အေဂျင်စီများအနေဖြင့် စေလွှတ်ထားသည့်လုပ်သားမှ မိသားစုထံ လစာတရားဝင် လွှဲပို့ထားသည့် အထောက်အထားမတင်ပြနိုင်ပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးအကြောင်းကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here