ဥရောပသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ပြည်သူများအတွက် ယူရို (၁၅) သန်း ထပ်မံ ထောက်ပံ့ကူညီ

0
118

ဥရောပသမဂ္ဂ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်း‌ရှောင်နေရသော ပြည်သူများအတွက် ယူရို (၁၅) သန်း ထပ်မံထောက်ပံ့ ကူညီပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇွန် (၂၀) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အသိပေး ထုတ်ပြန်ချက်တွင် ဥရောပသမဂ္ဂသည် နိုင်ငံတွင်း ထိခိုက်ခံရသော ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများဆီ ထွက်ပြေးတိမ်းရှောင်သွားရသည့် ဒုက္ခသည်များအား ကူညီနိုင်ရန် ယူရို (၁၅) သန်းကို ထပ်မံချထားပေးပြီး ယင်းအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များလည်း ပါဝင်ကြောင်း ဆိုသည်။

ယင်းပမာဏသည် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများအား စားနပ်ရိက္ခာ၊ အမိုးအကာ၊ ရေသန့်နှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသက်ကယ် အထောက်အပံ့များ ပေးနိုင်ရန် ကူညီခြင်းဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းထောက်ပံ့မှုသည် မြေမြှုပ်မိုင်းအန္တရာယ်နှင့် အနည်းငယ် ထိတွေ့ပစ်ခတ်မှုများအတွင်း အန္တရာယ်များသည့်အခြေအနေအတွက် မိမိကိုယ်ကို ကာကွယ်နိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ဥရောပသမဂ္ဂသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအကျပ်အတည်းကာလမှစ၍ နှစ်စဉ် ထောက်ပံ့မှု တိုးမြှင့်ခဲ့ရာတွင် ယခု ၂၀၂၄ ခုနှစ်အထိ ယူရို (၃၆) သန်းရှိပြီဖြစ်ကြောင်း အသိပေးချက်တွင် ပါရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်းကာလမှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သော လူဦးရေသည် (၁) သန်းမှ ၂၀ ၂၄ ခုနှစ်တွင် (၁၈) သန်းကျော်အထိ တိုးလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် ပြည်တွင်းနေရပ်စွန့်ခွာသူ အိုးမဲ့အိမ်မဲ့ အရေအတွက်သည် ခြောက်လအတွင်း (၅၀) ရာခိုင်နှုန်းတိုးလာခဲ့ပြီး ယခုအခါ (၃) သန်းကျော်အထိ ရှိလာပြီဟု ၎င်းတို့၏ စစ်တမ်းကောက်ယူချက်များအရ ဖော်ပြထားသည်။

ယခုနှစ်အစပိုင်းတွင် ဥရောပသမဂ္ဂသည် ရန်ပုံငွေ ယူရို (၁၉) သန်းကျော်ကို နိုင်ငံတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် ချထားပေးခဲ့ပြီး ဤအကျပ်အတည်း၏ ဒေသဆိုင်ရာ သက်ရောက်မှုများကို ဖြေရှင်းရန် ယူရို (၂) သန်းကိုလည်း ထပ်ဆောင်းအတည်ပြုပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here