ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စစ်ဆေးနေကြောင်း နစက ထုတ်ပြန်

0
486

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး ပြန်လည်စစ်‌ဆေးနေပြီး အရေးယူသွားမည် ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန်လ(၂၁) ရက်တွင် သတင်းထုတ်ပြန်လာသည်။

ဆရာတော်ကြီးသည် ဇွန် (၁၉) ရက်က တံတားဦးလေဆိပ်အနီးရှိ မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် ဆရာတော်တို့ စီးနင်းလာသည့်ကား ‌ေ-သနတ်ဖြင့် ပစ်ခတ်ခံရပြီး သာသနာ့အာဇာနည် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဝနတ္ထံပျံလွန်တော်မူခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှ ပေးပို့လာသည့် အချက်များကို အခြေခံကာ PDF က ပစ်ခတ်သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး သတင်းထုတ်ပြန်ချက်နှင့် ပစ်ခတ်ခံရသည့် ကားပေါ်တွင် ကိုယ်တိုင်လိုက်ပါခဲ့ပြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကန်သုံးဆင့်ဆရာတော်ကြီး၏ မိန့်ကြားချက်မှာ ကွဲလွဲမှုများဖြစ်ပေါ်နေသဖြင့် မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဖော်ထုတ်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြေပြင်ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်အား သိရှိရပါက လိုအပ်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆရာတော်ကြီးသည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမ ဟာသဒ္ဓမ္မဇောတိကဓဇ စသည့်ဘွဲ့များ ရရှိထားကာ သာသနာတော်ဆိုင်ရာ စာပေကျမ်းဂန်အမြောက်အများ ရေးသား ပြုစုထားသည့် သာသနာ့ အာဇာနည် ဆရာတော်ကြီး တစ်ပါးလည်း ဖြစ်သည်။

ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် (၇၈) နှစ်နှင့် ရဟန်းသိက္ခာတော် (၅၇) ဝါရှိပြီဖြစ်သည်။

ယမန်နေ့မနက်က ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်သို့ဆရာတော်၏ရုပ်ကလာပ်ကို ပြန်လည်ပင့်ဆောင်လာပြီ ဖြစ်ကာ စျာပနအခမ်းအနား
နှင့် နောက်ဆက်တွဲလုပ်ဆောင်မည့် အစီအစဉ်ကို အစည်းအဝေးထိုင်ပြီးပါက ထုတ်ပြန်မည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here