စတီရီယို ဂီတခေတ်ဦးက အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင်များထဲမှ တစ်ဦးဖြစ်တဲ့ ဇော်ဝင်းရှိန်ရဲ့ ဂီတသက်တမ်း နှစ်လေးဆယ်ကျော်အတွင်း ပထမဆုံးတစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃ရက်နေ့မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲပြုလုပ်မယ့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၇ရက်နေ့က My Garden စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဇော်ဝင်းရှိန်ရဲ့ တစ်ကိုယ်တော်ပွဲမှာတော့ သူ့ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းများထဲက သီချင်းအပုဒ်ပေါင်း ၃ဝကျော် သီဆိုမှာဖြစ်ပြီး ချောစုခင်၊ ဆုန်သင်းပါရ်၊ အယ်လ်ဆိုင်းဇီ၊ အိုင်ရင်းဇင်မာမြင့်၊ စိုးပြည့်သဇင်တို့က စုံတွဲအဆိုအဖြစ် ပါဝင်ကြမှာလည်း ဖြစ်ပါတယ်။
” ဒါ ကျွန်တော့်ရဲ့ ပထမဆုံးတစ်ကိုယ်တော်ပွဲပါ။ အရင်ကတော့ ပရိုဂျူဆာ ၂ ဦး၊ ၃ ဦးလောက် ကျွန်တော့်ကို ပြောဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်လုပ်ချင်တဲ့ပုံစံနဲ့ သိပ်မကိုက်လို့ပါ။ ကျွန်တော်က တစ်ကိုယ်တော်ဆိုတဲ့အတိုင်းအဆိုတော်တွေ မထည့်ချင်ဘူး။ကျွန်တော်က တစ်ကိုယ်တော်ဆိုတစ် ကိုယ်တော်ပဲဆိုတဲ့အလေ့အထကို ပိုသဘောကျတယ်။ အခုဒီပွဲစီစဉ်သူတွေနဲ့က လုပ်ချင်တဲ့ ပုံစံချင်းလည်းတူတဲ့အတွက် လုပ်ဖြစ်သွားတာပါ။ အတီးသမားတွေကအစ လူကြီး၊ လူငယ်အားလုံးစုပြီး ရွေးချယ်ထားပါတယ်။ အားလုံးကို အကောင်းဆုံးဖြစ်အောင်စီစဉ်ထားပါတယ်” လို့ ဇော်ဝင်းရှိန်က သူ့ပွဲနဲ့ ပတ်သက်ပြီးပြောပါတယ်။ ဒီဇင်ဘာလ ၃ရက်နေ့ အမျိုးသားကဇာတ်ရုံမှာပြုလုပ်မယ့် ဇော်ဝင်းရှိန်ရဲ့ တစ် ကိုယ်တော်ဖျော်ဖြေပွဲ လက်မှတ်များကိုတော့ ကျပ် ၅ဝဝဝဝ၊ ကျပ် ၄ဝဝဝဝ၊ ကျပ် ၃ဝဝဝဝ၊ ကျပ်၂ဝဝဝဝ၊ ကျပ် ၇ဝဝဝ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်းနဲ့ 1876 Hot Line တို့မှာ ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။
ရဲရဲ