မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူထားမှုတွေကို ရုရှား လိုက်နာရမယ်လို့ ဂူတာရက်စ် ပြော

0
141
United Nations Secretary-General António Guterres speaks during a UN Security Council meeting on the impacts of cyber threats on international peace and security at UN headquarters on June 20, 2024, in New York. (Photo by Yuki IWAMURA / AFP)

.ရုရှားအနေနဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သောကြာနေ့မှာ ပြောဆိုပါတယ်။ ယခုသီတင်းပတ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံတို့ဟာ တစ်ဖက်ဖက်မှာ လက်နက်ကိုင်ရန်လိုမှု ကြုံလာခဲ့ပါက ချက်ချင်း စစ်ရေးအကူအညီပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ဆက်ဆံရေးပိုမိုနက်ရှိုင်းမှုရှိလာခဲ့ပြီးနောက် ဂူတာရက်စ်က အခုလို ပြောဆိုလာတာဖြစ်ပါတယ်။

စစ်ရေးအကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့က ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားထံ လက်နက်တွေ လွှဲပြောင်းပေးပို့နေခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားပြီး ဒီစွပ်စွဲချက်တွေအပေါ် ရုရှားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံလုံးက ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ တောင်းဆိုချက်အရ ကုလ လုံခြုံရေးကောင်စီက ဇွန် ၂၈ ရက်နေ့မှာ မြောက်ကိုရီးယားအရေး အစည်းအဝေးပြုလုပ်သွားမှာဖြစ်တယ်လို့ သံတမန်တွေက ပြောဆိုပါတယ်။ ပြုံယမ်းက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး လက်နက်လွှဲပြောင်းမှုတွေလုပ်ဆောင်နေတဲ့အပေါ် ယင်းနိုင်ငံတွေက ဆွေးနွေးလိုကြတာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအမံတွေနဲ့ပတ်သက်ပြီး ၂၀၀၆ ခုနှစ်ကစလို့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့တားမြစ်မှုအောက် ကျရောက်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအမံတွေဟာ ရုရှားနိုင်ငံရဲ့ ပံ့ပိုးမှုကြောင့် နှစ်များစွာအတွင်း ပိုမိုအားကောင်းလာခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက အတည်ပြုထားသော အရေးယူပိတ်ဆို့ထားမှုများရှိပါကြောင်း ဂူတာရက်စ်က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။ “ရုရှား ဖက်ဒရေးရှင်း အပါအဝင် ဘယ်နိုင်ငံမဆိုဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရာမှာ အဆိုပါ ပိတ်ဆို့အရေးယူမှုတွေအပေါ် လုံး၀ လိုက်နာရပါမယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

ဂူတာရက်စ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့က မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်း အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားအရေး ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ရုရှားနဲ့ တရုတ်တို့က ပိတ်ဆို့အရေးယူမှုတွေ ထပ်ချနေတာဟာ အလုပ်ဖြစ်မှာ မဟုတ်ကြောင်းဆိုခဲ့ပြီး ဒီအရေးယူဆောင်ရွက်မှုတွေကို ဖြေလျှော့ပေးစေချင်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပိတ်ဆို့ အရေးယူမှုအချို့ကို ရုတ်သိမ်းဖို့ ယင်းနှစ်နိုင်ငံက အဆိုပြုခဲ့ကြပေမယ့် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

Ref: MSN


LEAVE A REPLY

Please enter your comment!
Please enter your name here