(၅)လတာ ကာလအတွင်း ပြည်ပခရီးသွား (၅)သိန်းကျော်ဝင်ရောက်ခဲ့

0
104

မြန်မာနိုင်ငံ ယခုနှစ် ဇန်နဝါရီလမှ စတင်၍ မေလအထိ ပြည်ပခရီးသွားဧည့်သည် ၅ သိန်း၂ သောင်း ဝင်ရောက်ခဲ့ကြောင်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး၏ ထုတ်ပြန်ချက်မှ သိရသည်။

ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ယခင်နှစ် အလားတူကာလအတွင်း ခရီးသွားဧည့်သည်ဝင် ရောက်ရှိမှုနှင့် နှိုင်းယှဉ်လျှင် ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာတိုးတက်လာခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ယမန်နေ့ ဇွန် (၂၁) က ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကော်မတီအစည်းအဝေး၌ ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်များပြားလာစေရေးအတွက် ဈေးကွက်ရှာဖွေမြှင့်တင်ရေး နည်းလမ်းကောင်းများကို ရှာဖွေဖော်ထုတ်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးကို ထိရောက်စွာအသုံးချရန်၊ ခရီးသွားဧည့်သည်များ ငွေပေးချေမှုတွင် Online အသုံးပြုပြီး Cashless Payment စနစ်များဖြင့် ဆောင်ရွက်နိုင်ရန်၊ MSMEs လုပ်ငန်းများအပါ အဝင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် Ease of Doing Business လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ လွယ်ကူအဆင်ပြေစေရန်ကိုလည်း ကာလရှည်ရည်မှန်းချက်တစ်ခုအဖြစ် ချမှတ်ဆောင်ရွက်သွားရန်၊ ဒေသထွက်အစားအသောက်များနှင့်တိုင်းရင်းသားရိုးရာအစားအစာများ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိပြီး အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဒေသခံများနှင့်လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အဓိက ခရီးစဉ်ဒေသများကို ဝင်/ထွက်သွားလာရာတွင် အချက်အချာကျသည့် ကျိုင်းတုံ၊ ပုသိမ်၊ တာချီလိတ် စသည့်မြို့များရှိ လေဆိပ်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများမှတဆင့် လေကြောင်းခရီးစဉ်နှင့် ပြည်ပခရီးသွားများ ဝင်ရောက် လာနိုင်ရေး၊ ခရီးသွားအေဂျင်စီများအပါအဝင် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ခရီးသည် ပိုမိုလာရောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြကာအဓိက ခရီးသွားဈေးကွက်ဝင်နိုင်ငံများနှင့် အလားအလာရှိသည့် နိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုရရှိရန် ပြည်ဝင်ဗီဇာလွယ်ကူရေးလုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဗဟိုကော်မတီအနေဖြင့်လည်း မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသွားဧည့်သည်များအကြားတွင် နိုင်ငံတကာ ခရီးစဉ်ဒေသတစ်ခုအဖြစ် အဆင့်မြှင့်တင်ရေး၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး စသည်တို့ကို ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာတတ်သိပညာရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် အားလုံးညှိနှိုင်းပေါင်းစပ်ပြီး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို အမျိုးသားခရီးသွာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဗဟိုကော်မတီအကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here