One Tourist One Tree အစီအစဉ်ကို ဇူလိုင်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်

0
384

လာမည့် ဇူလိုင်လတွင် ခရီးစဉ်ဒေသများ၌ One Tourist One Tree အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ခရီးစဉ်ဒေသများတွင် One Tourist One Tree အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သွားရေးနှင့်စံပြကျေးရွာများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism – CBT) များကို ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် စံပြကျေးရွာများ၌ လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) နှင့် “One Tourist One Tree” အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စံပြကျေးရွာများအနက် အလားအလာရှိသော ကျေးရွာများကို စနစ်တကျရွေးချယ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန်နှင့် ထိုအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် ခရီးစဉ်ဒေသများတွင် One Tourist One Tree အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စံပြကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) များကို ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင် နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာအေးတို့က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် “One Tou rist One Tree” အစီအစဉ်နှင့်စပ်လျဉ်း၍ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here