ရန်ကုန်မြို့တွင် အခမဲ့ဆံပင်ညှပ်ပေးနေသူများ

0
508

ရန်ကုန်၊ ဗိုလ်တထောင်မြို့၊ ဝန်ကြီးများရုံးအနီးရှိ မဟာဗန္ဓုလလမ်းမနှင့် ၄၆ လမ်းထောင့်တွင် တစ်ပတ်လျှင် နှစ်ရက်ဖြင့် ဆံသဆရာများမှ အခမဲ့ ဆံပင်ညှပ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုရှိသည်။

ထိုသိူ့ အခမဲ့ ညှပ်ပေးသည့် အစီအစဉ်ကို Myanmar Barber Academy (MBA)ဆံသကျောင်းမှ သင်တန်းဆရာများ ဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်ကာ ထိုသို့ပြုလုပ်ခြင်းမှာ တစ်နှစ်ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ဖြတ်သွားဖြတ်လာ အခြေခံလူတန်းစားတွေ၊ ညှပ်ချင်တဲ့လူတွေ လာညှပ်လို့ရအောင် စနေ၊တနင်္ဂနွေ အပတ်တိုင်း၊ လူတိုင်းဆံသဆိုတဲ့ ကမ်ပိန်းလေးကနေစခဲ့ကြတာ အခု တစ်နှစ်ကျော်လောက်ရှိပြီ” ဟု ထိုအစီအစဉ်တွင် ပါဝင်ညှပ်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးကိုပြောသည်။

ထို့အပြင် အချို့သောကြာရက်များတွင် ရန်ကုန်မြို့ရှိ မော်တင်ကမ်းနား၊ ကျုးကျော်ရပ်ကွက်များရှိ အခြေခံပြည်သူများ တဖက်တလမ်းမှ ငွေချွေတာနိုင်စေရန် ရည်ရွယ်၍ သွားရောက်ညှပ်ပေးသည်ဟု သူကပင် ဆိုသည်။

“အပတ်စဉ် စနေ၊ တနင်္ဂနွေကတော့ ဒီမှာပဲရှိတာပါ” ဟု သူက ထပ်ပြောသည်။

ယခုလက်ရှိတွင်မူ တစ်ရက်လျှင် လူအယောက် ခြောက်ဆယ်မှ ရှစ်ဆယ်အထိကို အခမဲ့ ဝန်ဆောင်မှုပေးနေပြီး အထွေထွေ ကုန်စျေးနှုန်းများ မြင့်တက်လာချိန်တွင် ထိုအစီအစဉ်သည် အခြေခံပြည်သူများအတွက် တဖက်တလမ်းမှ အထောက်အပံ့တခု ဖြစ်လာနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here