ရန်ကုန်တွင် ရေမြောင်း၊ မြစ်နှင့် ချောင်းထွက်ပေါက်များတွင် အမှိုက်စွန့်ပါက ငွေဒဏ်ထောင်ဒဏ်ကျနိုင်

0
198

ရန်ကုန်တိုင်းအတွင်းရှိ ရေမြောင်း၊မြစ်နှင့်ချောင်းထွက်ပေါက်များတွင် အမှိုက်စွန့်ပစ်ပါက ငွေဒဏ်အပြင် ထောင်ဒဏ်များပါချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်အသိပေးထားသည်။

လက်ရှိတွင် အဆိုပါ သတ်မှတ်ချက်ကို ပြည်သူများ သိရှိလိုက်နာကာ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးတို့ အတွက် ရန်ကုန်မြို့ရှိ ချောင်း၊ မြောင်းများအနီး တားမြစ်အသိပေးနှိုးဆော် ဆိုင်းဘုတ်များအား စိုက်ထူခြင်း၊ စာတန်းများ ချိတ်ဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေသည်။

ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ်၊ ဒလမြို့နယ်၊ ဒဂုံမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ပုဇွန်တောင်မြို့နယ် နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တို့တွင် အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)က ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်း အမှိုက်နှင့် နုန်းများဆယ်ယူ ရှင်းလင်းနေမှု၊ “ရေမြောင်းထဲသို့ အမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်” စာသားပါ အသိပေးဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ အသိပေးချက်များအရ ရေမြောင်းများ၊ ချောင်းများ အတွင်းသို့ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ရေမြောင်းများ ပိတ်ဆို့ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ (၂၀၁၈ ခုနှစ်) အခန်း (၂၉) တားမြစ်ချက် ပုဒ်မ ၃၁၇ ပုဒ်မခွဲ (ခ) တွင် ပြဌာန်းထားသည့် ” မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းဘေးရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်နှင့်မြစ်ထွက်ပေါက်များ၊ ချောင်းများအတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများ စီးဝင်စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့စေခြင်းမပြုရ” ဟူသည့် တားမြစ်ချက်ရှိကြောင်းသိရသည်။

အကယ်၍ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းဘေးရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်နှင့်မြစ်ထွက်ပေါက်များ၊ ချောင်းများအတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများ စီးဝင်စေခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့စေခြင်းမပြုရ ဟူသည့် တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ်ကျပ် ၅၀၀၀၀ မှ ကျပ်(၃) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃)လ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here