တရုတ်ကို တန်ပြန်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှု မြှင့်တင်

0
230

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ၎င်းတို့ရဲ့ ကာကွယ်ရေးဆက်ဆံမှု မြှင့်တင်ဖို့နဲ့ ပင်လယ်ရေကြောင်းလုံခြုံရေး၊ သမုဒ္ဒရာပိုင်းဆိုင်ရာ စီးပွားရေး၊ အာကာသနဲ့ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးအတွက် ဇွန် ၂၂ ရက်မှာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ နယူးဒေလီဟာ ဒေသတွင်း အင်အားကြီးနိုင်ငံတစ်ခုအဖြစ်နဲ့ တရုတ်ကို တန်ပြန်နိုင်ရေး ကြိုးပမ်းနေချိန်မှာ ယခုလို သဘောတူညီချက်တွေ ထွက်လာတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အိန္ဒိယကို အလည်အပတ်ရောက်ရှိနေစဉ်အတွင်း ယင်း သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က အိန္ဒိယဝန်ကြီးချုပ်အဖြစ် တတိယမြောက်သက်တမ်းအတွက် မိုဒီကျမ်းကျိန်ဆိုခဲ့ပြီးနောက်ပိုင်း နယူးဒေလီကို ရောက်ရှိလာတဲ့ ပထမဆုံး ပြည်ပနိုင်ငံ ခေါင်းဆောင်ဖြစ်ပါတယ်။

အိန္ဒိယရဲ့ ရေကြောင်းအိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေးနဲ့ အဆင်ပြေချောမွေ့စေရေး အင်ဒို-ပစိဖိတ်သမုဒ္ဒရာ ပဏာမ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဆုံးဖြတ်ချက်ကို မိုဒီက ကြိုဆိုခဲ့ပါတယ်။ ဒါကာနဲ့ သဘောတူညီချက်တွေဟာ သူ့နိုင်ငံရဲ့ အိမ်နီးချင်းဦးစားပေး ချဉ်းကပ်မှုမူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကုန်ကြမ်းအများစုအတွက် ၎င်းရဲ့ အဓိကကုန်သွယ်မိတ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

သို့ပေမယ့် တရုတ်ရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အိန္ဒိယ၊ အမေရိကန်တို့နဲ့ ကုန်သွယ်မှု၊ သံတမန်ဆက်ဆံရေးတို့ကို ဟန်ချက်ညီအောင်လုပ်နေရတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ပေကျင်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရခြင်းဟာ စိန်ခေါ်မှုဖြစ်ကြောင်း အေပီသတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ပို့ကုန်မှ နိုင်ငံခြားငွေရရှိမှု ၈၀ ရာခိုင်နှုန်းကျော်ဟာ အထည်ချုပ်ကဏ္ဍက ရရှိနေတာဖြစ်ပြီး ယင်းကဏ္ဍဟာ ကုန်ကြမ်းအတွက် တရုတ်နိုင်ငံအပေါ် ကြီးကြီးမားမား မှီခိုနေရတာဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား မြစ်ရေများ ခွဲဝေမှုဆိုင်ရာ၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဟာစီနာက နယူးဒေလီမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

TBS News


LEAVE A REPLY

Please enter your comment!
Please enter your name here