နျူလက်နက် ထုတ်သုံးရမယ့် အချိန်အခါ သတ်မှတ်ချက်ကို မော်စကိုက အပြောင်းအလဲလုပ်နိုင်ဟု ရုရှား အမတ်တစ်ဦး သတိပေး

0
227

ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေ တိုးမြင့်လာမယ်ဆိုပါက မော်စကိုဟာ နျူကလီးယားလက်နက်တွေ အသုံးပြုရမယ့် အချိန်အခါ သတ်မှတ်ချက်ကို အပြောင်းအလဲလုပ်နိုင်တယ်လို့ ရုရှား အောက်လွှတ်တော် ကာကွယ်ရေး ကော်မတီ ခေါင်းဆောင်ဖြစ်သူ အန်ဒရိုင် ကာတာပိုလော့ဗ်က တနင်္ဂနွေနေ့(ဇွန် ၂၃) မှာ ပြောဆိုတယ်လို့ RIA သတင်းဋ္ဌာနက ဖော်ပြပါတယ်။

ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ၎င်းရဲ့ မှတ်ချက်တွေဟာ မကြာခင်က သမ္မတ ဗလာဒီမာ ပူတင် သတိပေးခဲ့တဲ့ ပြောဆိုချက်တွေနဲ့ တူညီနေခဲ့ပါတယ်။ မော်စကိုအနေနဲ့ နျူလက်နက်များ ထုတ်သုံးရမယ့် အခြေအနေအချိန်အခါကို သတ်မှတ်ပေးထားသော နိုင်ငံရဲ့ နျူကလီးယား အယူဝါဒကို ပြောင်းလဲရနိုင်တယ်လို့ ပူတင်က ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

စိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်တာတွေ တိုးလာတာကို မိမိတို့ တွေ့ရပါက နျူကလီးယားလက်နက်တွေ ထုတ်သုံးဖို့ သတ်မှတ်တဲ့ အခြေအနေအချိန်အခါ(အယူဝါဒ) မှာ တစ်စုံတရာကို ပြင်ဆင်ရနိုင်တယ်လို့ ဆိုလိုကြောင်းနဲ့ ဒါတွေကို ထုတ်သုံးဖို့ ဆုံးဖြတ်ရနိုင်ကြောင်း ကာတာပိုလော့ဗ်က ပြောဆိုခဲ့တယ်လို့ RIA က ဖော်ပြပါတယ်။

သို့ပေမယ့် အခုအချိန်မှာတော့ အတိအကျပြောဖို့ရာ စောလွန်းသေးတယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

နိုင်ငံ သမ္မတအနေနဲ့ နျူကလီးယားလက်နက် ထုတ်သုံးဖို့ စဉ်းစားရမယ့် အချိန်အခါနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ၂၀၂၀ ပြည့်နှစ် နျူကလီးယား အယူဝါဒဆိုင်ရာ သတ်မှတ်ဖော်ပြချက်အရ နျူကလီးယားလက်နက်သုံး တိုက်ခိုက်မှုကြုံလာရချိန် သို့မဟုတ် အခြား ဖျက်အားပြင်းလက်နက်တွေနဲ့ တိုက်ခိုက်ခံရချိန် သို့မဟုတ် နိုင်ငံတော် တည်ရှိမှုကို ခြိမ်းခြောက်လာတဲ့အထိ သမားရိုးကျ လက်နက်တွေသုံး တိုက်ခိုက်မှု ကြုံလာရချိန်မျိုးမှာ နျူလက်နက်နဲ့ တုန့်ပြန်ဖို့ စဉ်းစားရမယ်လို့ ဆိုထားခဲ့ပါတယ်။

လိုအပ်ရင် ရုရှားဟာ နျူကလီးယားလက်နက် စမ်းသပ်မှုလုပ်သွားမှာဖြစ်ပေမယ့် လက်ရှိအခြေအနေအထိတော့ ဒီလိုလုပ်ဖို့ မလိုအပ်သေးဘူးလို့ သူ ယူဆကြောင်းလည်း ပူတင်က ပြောဆိုထားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ စခဲ့တဲ့ ရုရှားရဲ့ ယူကရိန်းစစ်ပွဲဟာ အန္တရာယ်အရှိဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ အမေရိကန်နဲ့ ရုရှား နှစ်ဖက် သံတမန်တွေက ပြောဆိုလာစဉ်မှာ နျူလက်နက်အသုံးပြုလာနိုင်ခြေနဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here