အထောက်အထားမဲ့ နေထိုင်သည့် တရုတ်နိုင်ငံသား (၄) ဦး ကို လက်နက်၊ မူးယစ်ဆေးဝါးများနှင့် ဖမ်းမိ

0
186

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် အထောက်အထားမဲ့ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား (၄) ဦးကို လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါး၊ တောရိုင်းတိရစ္ဆာန်များနှင့် အတူ ဇွန်လ (၁၉) ရက်က ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာရှိ ဒေါ်အီလာခမ်း ပိုင်ဆိုင်သည့် ခြံအတွင်း ငါးကန် ဟောင်းနေရာ၌ တရုတ်နိုင်ငံသားများ တရားမဝင်ရောက်ရှိ နေထိုင်နေကြောင်း သိရ၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အဆိုပါ နေအိမ်ခြံအတွင်း၌ တရားမဝင်ရောက်ရှိနေထိုင်နေသည့် တရုတ်နိုင်ငံသား ရှောက်ဟူ၊ လောင်ရောင်း၊ လောက်လျိုးနှင့် အားဖိန်းတို့ (၄)ဦးကို MK 12 သေနတ် (၁) လက်၊ M 16 သေနတ် (၁) လက်၊ ပစ္စတို သေနတ်တွေ အပါအဝင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်ဝယ်ထားရှိသည့် တောရိုင်းတိရစ္ဆာန် ခြင်္သေ့(၁)ကောင်၊ ကျား (၁)ကောင်၊ ဝက်ဝံ(၂)ကောင်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား (၄) ဦးနှင့် ခြံပိုင်ရှင် ဒေါ်အီလာခမ်းကိုလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here