လားရှိုး-သီပေါ စဉ့်အင်ချောင်းကူး ကွန်ကရစ်တံတားသစ် ဇူလိုင်လအတွင်း ဖြတ်သန်းနိုင်မည်ဟု ဆို

0
133

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုး-သီပေါကြားရှိ စဉ့်အင်ချောင်းကူး ကွန်ကရစ် တံတားသစ်အား လာမည့် ဇူလိုင်လ အတွင်း ဖြတ်သန်းသွားလာနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ တံတားမှာ ကွန်ခိုက်ရွာ၌ ဆောက်လုပ်နေခြင်းဖြစ်ပြီး ကွန်ကရစ်တံတား အမျိုးအစားဖြစ်ကာ ယာဉ်ငယ်များအပြင် ကုန်တင်ယာဉ်များပါ ဖြတ်သန်းနိုင်ရန် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

” တံတားက တစ်လမ်းမောင်းပါပဲ။ ကွန်ကရစ်တိုင် ကွန်ကရစ်ခင်း တံတားပေါ့။ ပြီးသွားလို့ဖြတ်သန်းခွင့်ပြုရင်တော့ အခုလို အချိန်အကုန်ခံစောင့်ရတော့ အေးသွားမှာပါ။ တံတားကပြီးတော့မယ် တစ်ဖက်ခြမ်းကို ကွန်ကရစ်လောင်းပြီးအသားကျသွားရင်တော့ သွားလို့ရပါပြီ”ဟု တံတားဆောက်လုပ်သူအချို့နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လားရှိုး-သီပေါသွား ယာယီစဉ်အင်ချောင်းကူးတံတားမှာ ရေစီးအားကြောင့် ပျက်ဆီးခဲ့ရပြီး စဉ့်အင်ဖောင်ဆိပ်မှ ကားများ တန်းစီကာဖောင့်ဖြင့် အလှည့်ကျ ကူးနေကြရသဖြင့် အနည်းဆုံး(၃)နာရီကျော်ကြာ စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ‌ကြောင့် အဆိုပါ စဉ့်အင်တံတားအပါအဝင် ဒေသတွင်း ချိတ်ဆက်ထားသော တံတား(၅)စင်း ပျက်ဆီး ဆုံးရှုံးခဲ့ရခြင်း ဖြစ်သ ည်။

ယင်းအနက် ယခုလ ဇွန် (၇)ရက် နံနက်ပိုင်းမှ စတင်၍ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ – ကျောက်မဲ ဆက်သွယ်ထားသော ကျင်သီတံတားအား ပျက်ဆီးသွားသည့်အပိုင်းကို ပြန်လည်ပြင်ဆင်၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီးဖြစ်သည်။

တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအကြား ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here