သုံးလကျော်ကြာ စစ်ရှောင်နေရသည့် ဆွမ်ပရာဘွမ်မြို့ ဒေသခံစစ်ရှောင်များ နေရပ်ပြန်လည်ဝင်ရောက်လာ စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီများ လိုအပ်နေဟုဆို

0
394

သုံးလကျော်ကြာ စစ်ရှောင်နေရသည့် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းပေါ်ရှိ ဆွမ်ပရာဘွမ်မြို့မှ ဒေသခံပြည်သူများ ယခု ဇွန်လအတွင်း နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြပြီဖြစ်သော်လည်း စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီမှုများလိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံ မှ သိရသည်။

ဆွမ်ပရာဘွမ်မြို့ တိုက်ပွဲကြောင့် လူနေအိမ်(၂၀၀)ကျော်ရှိသည့် မြို့တွင်းနေအိမ်အချို့ ပျက်ဆီးဆုံးရှူံးခဲ့ရပြီး ပြန်လည်နေထိုင်ချိန်တွင် မိုးရွာသွန်းမှုများကြောင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်းလည်း သိရသည်။

“အားလုံးနီးပါး ပြန်လာကြပါပြီ။ နေအိမ်တွေပျက်ဆီးနေတော့ ရှိတာနဲ့ ပြင်ဆင်ပြီးနေကြတာပေါ့။ မိုးတွင်းလည်းရောက်ပြီဆိုတော့ တောထဲမှာ အဖျားအနာလည်းရှိတယ်‌လေ။ တိုက်ပွဲလည်း ပြီးသွားပြီဆိုတော့ တောထဲဘယ်ဆက်နေနိုင်မလည်း။ ပြန်လာကြတာပေါ့။ ဘာလိုအပ်လည်းဆိုတော့ အကုန်ပေါ့။ အိမ်တွေလည်းပျက်ဆီး၊ ဘာမှလုပ်ကိုင်လို့လည်းမရသေးဘူး။ အိမ်တွေအရင် ပြင်ရတာပေါ့”ဟု ဆွမ်ပရာဘွမ်မြို့မှ ဆွေမျိုးနီးစပ်တော်သူတစ်ဦး၏ ပြောပြချက်ကို မြစ်ကြီးနား ဒေသခံတစ်ဦးက ပြန်လည်ပြောပြသည်။

ယခုနှစ် မတ်လ(၈)ရက်မှ စတင်၍ ဆွမ်ပရာဘွမ်မြို့၌ နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှဒေသခံပြည်သူများမှာ နီးစပ်ရာကျေးရွာများနှင့် တောတွင်းနေရာများတွင် သွားရောက်ခိုလှုံခဲ့ကြရကြောင်း သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ (၈) ရက် နောက်ပိုင်း မြစ်ကြီးနား- ပူတာအိုကားသွားလမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ဖြတ်သန်းခွင့် ပိတ်ထားခြင်းကြောင့် ပူတာအိုမြို့တွင် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ အခြေခံစားသောက်ကုန်များ ပြတ်လပ်ခဲ့သည်အထိ နောက်ဆက်တွဲဆိုးကျိုးများ တဆက်တည်းခံစားခဲ့ကြရသည်။

ယခု ဇွန်လဆန်းပိုင်းအတွင်း နှစ်ဘက်တပ်များ ညှိနှိုင်းမှု အဆင်ပြေသဖြင့် မြစ်ကြီးနား – ပူတာအိုသွား လမ်းပိုင်းအား ယာဉ်စီးရေ ကန့်သတ်ချက်ဖြင့် စိစစ်‌ သွားလာခွင့်ပြုခဲ့‌ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here